လွန်ခဲ့တဲ့ (၉)နှစ် ဒီနေ့...
ကမ္ဘာမြေပြင်ပေါ်မှာ ကိုယ့်ကို " ဖေဖေ " လို့ ခေါ်မယ့်
သက်ရှိလူသားလေးတစ်ဦး စတင် ရောက်ရှိလာခဲ့တယ်။
" ဖေဖေ... ချစ်လား? မေမေ... ချစ်လား? " ဆိုတဲ့ မေးခွန်းလေးကိုပဲ
ထပ်ကာတလဲလဲ မေးနေခဲ့သူလေး...။
ဘယ်သူ မေးမေး၊ ဘယ်အချိန် မေးမေး၊ ဘယ်လိုပဲ လှည့်မေးမေး...
" ဖေဖေ့ကို ချစ်တယ်။ မေမေ့ကို ချစ်တယ်... တူတူ ချစ်တယ်... လို့
ပြောတဲ့သူ...၊
တစ်ယောက်ယောက်ကို ပိုချစ်ရမယ်။ ဘယ်သူ့ကို ပိုချစ်လဲ ပြော... လို့ မေးခဲ့ရင်
" ဖေဖေ့ကို ပိုချစ်တယ်။ မေမေ့ကို ပိုချစ်တယ်... တူတူ ပိုချစ်တယ် " လို့
ပြောတတ်သူလေး...။
ဆယ်စုနှစ်တစ်ခုနီးပါးကာလ... ကျနော် နိုင်ငံခြား စထွက်လာချိန်က
အမိဝမ်းတွင်းမှာ မီးမီး/သားသား မကွဲပြားသေးတဲ့ သန္ဓေသားကလေးဟာ
ဒီနေ့အချိန်မှာ (၉)နှစ်အရွယ် ချစ်စဖွယ် သမီးငယ်လေး ဖြစ်လာခဲ့ပါပြီ...။
နှစ်ယောက်တစ်ဘ၀ရဲ့အစ၊ ပထမဦးဆုံးနေ့မှာ ကျောင်းနေဖက်
သူငယ်ချင်းများက ခလေးနို့ဘူးလေးနဲ့ ထမင်းစားပန်းကန်လေးတစ်စုံ
မင်္ဂလာလက်ဖွဲ့အဖြစ် ပေးခဲ့တယ်။
နှစ်တော်တော်များများ ကြာတဲ့အချိန်မှ အဲဒီ့နို့ဘူးလေးကို အသုံးချခွင့်
ရခဲ့ပါတယ်...။
သက္ကရာဇ် (၂၀၀၅)ရဲ့ ဒီဇင်ဘာတစ်ည မှောင်စဖြိုးဖျ (ဇာတိမြို့လေးကို
နှုတ်ဆက်ရတော့မယ့် အချိန်)မှာ ဖယောင်းတိုင်လေးထွန်းပြီး၊
ကဗျာလေးတစ်ပုဒ်ရေး... နို့ဘူးလေးထဲ ထည့်ထားပေးခဲ့တယ်။
အခု...
အဲဒီ့ကဗျာလေးကို တင်ပေးလိုက်ပါတယ်...။
" ဘ၀သခင် "
ပြန်လည်၍၊ အသစ်တဖန်
ရှင်ပြန်ထမြောက်ခဲ့ရပြီ...။
ရှင်ပြန်ထမြောက်ခဲ့ရပြီ...။
ဘုရားက သနားလို့ပေးတဲ့ ဆုလာဘ်
ငါ့မျိုးဆက်အဖြစ် အပ်နှင်း
လောကတွင်း သက်ဆင်းလာတော့မယ်...။
ပေးဆပ်မှုများနဲ့ ရင်ခွင်ဆီ
မမြင်နိုင်တဲ့ စွမ်းအား... သူ
ရှင်းသန့်ဖြူ စင်တဲ့ နှလုံးသွေးတစ်စက်
မိုးထက်မြင့်တဲ့ မျှော်လင့်ခြင်းများ
ခပ်ပြင်းပြင်း သယ်ဆောင်
ဘ၀ရဲ့ အလင်းရောင်လေးရယ်...။
တစ်နေ့ပြီး တစ်နေ့
ပြက္ခဒိန်တွေ တရွေ့ရွေ့
အဓိပ္ပါယ်အပြည့်နဲ့ မနက်ဖြန်လေးများစွာ
ဒီနို့ဘူးလေးရဲ့ ပိုင်ရှင်ဟာ...
လာခြင်းကောင်းပါစေကွယ်... ... ...။
ဒီသမီးလေး ရှိလာမှ ကြီးကျယ်မြင့်မြတ်လွန်းတဲ့ " အဖေ " ဆိုတဲ့ဘ၀ကို
ကျနော် ခံယူခွင့်ရခဲ့တာပါ။
" ပျော်ရွှင်ချမ်းမြေ့သော (၉)နှစ်မြောက် မွေးနေ့ ဖြစ်ပါစေ... သမီးလေး "
" Happy 9th birthday my little lord..! "
KKT