" ငါတို့ဟာ အချိန်တွေကို ပိုက်ဆံနဲ့ လာလဲတာ...
အချိန်သာ ကုန်သွားပြီး ပိုက်ဆံ အဖတ်မတင်ခဲ့ရင်...
ငါတို့တွေ အရှုံးကြီး ရှုံးပြီပေါ့...။ "
စကားလေး တစ်ခွန်း...
အသိမိတ်ဆွေတွေ၊ သူငယ်ချင်းတွေ ဆိုးနေ၊ မိုက်နေရင် ဆုံးမ၊
ဖျောင်းဖျပေးခဲ့တဲ့...
ကိုယ်တိုင်လည်း အမြဲ သတိချပ်နေခဲ့တဲ့ စကားလေးပါ...။
အချိန်စက်ဝန်း တစ်ပါတ် လည်ခဲ့ပြန်ပါပြီ ...။
*** *** *** *** *** *** *** *** *** *** *** ***
" ခြောက်နှစ် "... တဲ့။
လွန်ခဲ့သော ခြောက်နှစ်ကျော်ကာလ...
ကျနော့်ကို ငွေလမ်းပေါ် ထမ်းတင်ခဲ့တဲ့ ကျေးဇူးရှင် မရီးတော်က...
" ကမ္ဘာကျော်... နင် ခွဲနိုင်လို့လား...? " ဆိုပြီး တစ်ခွန်းပဲ မေးပါတယ်။
ကျနော် ပြန်ပြောခဲ့တယ်...။
" အစ်မ... အခု ကျနော် လှမ်းနေတဲ့ လမ်းက သိပ်ကြောက်ဖို့ ကောင်းတယ်။
ဒီလမ်းဟာ ရှေ့ကို ခြေတစ်လှမ်း လှမ်းပြီးတိုင်း နောက်ကို လှည့်ကြည့်...၊
ခြေပြန်ချစရာ မြေမရှိတော့ဘူး... အစ်မ " လို့
ဆိုလိုတာက " နောက်လှည့်လို့ မဖြစ်တဲ့ လမ်း၊ နောက်မဆုတ်တမ်းပဲ " လို့
ပြောချင်တာပါ။
တကယ်တမ်းလည်း အဲဒီ့အချိန်က ကျနော့် စိတ်ခံစားမှုဟာ
အဲဒီ့အတိုင်း ရှိနေခဲ့တယ်။
ဒါနဲ့ပဲ...
" ငါ အားပေးတယ်။ ငါ ကူညီမယ်။ "
" ဒါ... စီးပွါးရေးကို ရိုးရိုးသားသား ဖြတ်လမ်းက လိုက်တာ " ဆိုပြီး...။
ခုတော့... သူ " ခွဲနိုင်လို့လား...? " လို့ မေးခဲ့တဲ့ ဟာလေးနဲ့
မခွဲနိုင်ဘဲ ခွဲနိုင်ခဲ့ရတာ ခြောက်နှစ်တောင် ရှိခဲ့ပြီပေါ့...။
" လေးနှစ်ပြည့်တာနဲ့ လေယာဉ်ပေါ်က Passport စာအုပ် လွှတ်ပစ်မယ် " လို့
ကြွေးကြော်ခဲ့တဲ့ ကျနော်...။
လေးနှစ်ရဲ့ ဒီမှာဖက်က ငါးနှစ်ကို ကျော်လို့ ခြောက်နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။
ကျနော် အိမ်မပြန်နိုင်သေးပါဘူး... ... ...။
*** *** *** *** *** *** *** *** *** *** *** ***
Oversea ခရီးရှည်ကြီးရဲ့ အစ၊ ပထမဦးဆုံးည အဖေ့ကို ကန်တော့တော့...
ခြင်ထောင်ထဲမှာ အိပ်ပျော်ယောင်ဆောင်နေခဲ့တဲ့ အဖေ...
(တကယ်တော့ " နိုင်ငံခြား သွားမယ် " လို့ ဖွင့်ဟကြေညာစဉ်ကတည်းက...
အဖေ ကျနော့်ကို စကားမပြောတော့တာပါ)
(အနှစ်(၃၀)လုံးလုံး အထင်ကြီးစရာ ဘာတစ်ကွက်မှ လုပ်မပြနိုင်ခဲ့တဲ့)
သားဖြစ်သူကို စိတ်မချဒေါသနဲ့ သက်ပြင်းမောတွေ တွင်တွင်ချ...။
ကျနော် သိတာပေါ့...
အဖေ... ဒီည အိပ်လို့ မရနိုင်တော့ဘူး ဆိုတာ...
" အဖေ နားတဲ့အချိန်မှာ အဖေ့အတွက် အား... ဖြစ်ပါရစေ။ "
" မိဘ၊ အစ်မနဲ့ ညီ မိသားစုရဲ့ ရှေ့မှာ မားမားမတ်မတ် ရပ်နိုင်တဲ့ သားအကြီး
ဖြစ်စေဖို့...
ဇနီးသည်အတွက် လေးစားအားကိုးထိုက်တဲ့ အိမ်ဦးနတ်ယောင်္ကျားကောင်း
ဖြစ်စေဖို့...
မကြာခင်မှာ လူ့လောကကို ရောက်လာတော့မယ့် မျိုးဆက်လေးရဲ့ ဘဝ
လှစေဖို့...
အားလုံးအတွက် ကျနော့်ကို စတင်ခွင့်ပြုပါတော့... " လို့
စိတ်ထဲက ၀န်ချတောင်းပန်ရင်း...။
*** *** *** *** *** *** *** *** *** *** *** ***
ရတနာ(၃)ပါးရဲ့ တန်ခိုးတော်၊ အနန္တောအနန္တ ငါးပါးကို အမြဲမပြတ်
မှီဝဲဆည်းကပ်ရတဲ့ အကျိုးကျေးဇူးတွေက လက်တွေ့ အစွမ်းပြခဲ့ပါပြီ...။
မှောင်အတိဖုံးနေတဲ့ ကာလတွေက လွန်မြောက်ခဲ့တယ်။
အနာဂတ် ပျောက်နေတဲ့ ဘ၀ဟာ ပြောင်းပြန်လှန်ပစ်လိုက်သလို
ပြောင်းလဲတိုးတက်သွားခဲ့တယ်။
ကိုယ်တင်မက၊ ကိုယ့်မိသားစုတွေရဲ့ ဘ၀တွေကိုလည်း ခိုင်မာစေခဲ့တယ်...။
အဲဒါတွေနဲ့ ညီမျှတဲ့ တန်ရာတန်ကြေးကိုလည်း ကျနော်...
ပြန်ပေးလိုက်ရတာပါပဲ။
အနှစ်(၃၀)ကျော်တဲ့အထိ အိမ်နဲ့ မခွဲဖူးတဲ့ ကျနော်...
ရောက်မယ့်ရောက်တော့ အိမ်နဲ့ မိုင်ထောင်ချီဝေးတဲ့ အရပ်ဒေသမှာ
နှစ်နဲ့ချီပြီး ရောက်ရှိနေထိုင်ခဲ့ရတယ်။
ရောက်ကာစ... အိမ်က " နေမှ နေတတ်ပါ့မလား...! " လို့
စိုးရိမ်တကြီး ရှိခဲ့ရတဲ့ ကျနော်...
ကိုယ့်ထက် အများကြီး ငယ်တဲ့ အခန်းဖော် ညီငယ်တွေ မသိအောင်
မျက်နှာကို ခေါင်းအုံးပေါ် ဖိ၊ အသံတိတ် ကျိတ်ရှိုက်ခဲ့ရတဲ့ ညတွေ...
စိတ်ကူးတွေ၊ အိပ်မက်တွေထဲမှာ အကြိမ်ကြိမ် အခါခါ
အိမ်ပြန်ပြေးသွားခဲ့မိတာတွေ...
အပေအတေ၊ ကြမ်းကြမ်းတမ်းတမ်း လုပ်ရတဲ့ အလုပ်ရဲ့ သဘော...
ဘယ်လိုမှ မဟန်နိုင်တော့ဘဲ မတ်တပ်ကနေ ပစ်လဲသွားလောက်အောင်
အားအင်တွေ လုံးဝ ကုန်ခမ်း၊ နွမ်းဟိုက်သွားချိန်တွေမှာ...
" အမေ... သား အရမ်း ပင်ပန်းတာပဲ အမေရယ် " လို့
ဝမ်းပန်းတနည်း အမေ့ကို တမ်းတမိခဲ့တာတွေ... ... ...။
*** *** *** *** *** *** *** *** *** *** *** ***
" Money is second God. " တဲ့...။
ပိုက်ဆံကို ကိုးကွယ်ရာ တစ်ခုအဖြစ် သက်မှတ်ခံယူခြင်း မရှိခဲ့ပေမယ့်...
ဟိုးအရင် နှစ်ပေါင်းများစွာ ပိုက်ဆံတစ္ဆေ ခြောက်လှန့်၊
လှောင်ပြောင်ခြင်းကို ခံခဲ့ရတယ်။
ပိုက်ဆံ မရှာနိုင်ခြင်းရဲ့ ဒါဏ်ကို အလူးအလဲ ခံခဲ့ရတဲ့ ကောင်...
ပိုက်ဆံ ရှိခြင်းရဲ့ အရသာဟာ မချိုဘူး ဆိုရင်တောင်...
ပိုက်ဆံ မရှိခြင်းလိုတော့ မခါးနိုင်ဘူး ဆိုပြီး...
ပိုက်ဆံကို တန်ဖိုးထားတော့ ပိုက်ဆံရဲ့ တန်ဖိုးထားခြင်းကို ပြန်ခံခဲ့ရတယ်...။
ပိုက်ဆံကို အရူးအမူး မက်မောတွယ်တာတဲ့ စိတ်...၊
ပိုက်ဆံနဲ့ ယှဉ်လိုက်ရင် ဘယ်သူဘယ်ဝါ၊ ဘယ်လို အရေးကိစ္စကိုမှ
ရှေ့တန်းမတင်နိုင်တဲ့ ဗီဇစရိုက်ကြောင့် ဆုံးရှုံး၊နစ်နာမှု၊
စွန့်ပစ်ခံရမှုတွေလည်း ရှိခဲ့ရတယ်...။
ခုတော့ ကျနော်...
ပိုက်ဆံရဲ့ ချည်နှောင်ခြင်းကို ခံနေရပါပြီ...။
ကျနော် ရုန်းမထွက်နိုင်တော့ပါဘူး။
ဘယ်အချိန်၊ ဘယ်ကာလဆီမှ၊ ဘယ်သူ့ အကူအညီနဲ့မှ ရုန်းထွက်ခွင့်
ရနိုင်ပါ့မလဲ...?
ဒီအချိန်မှာ ကျနော် အမုန်းဆုံးနဲ့ ဆက်လက် ဖက်တွယ်နေရဆဲ အရာဟာ...
" ပိုက်ဆံ " ... ပါ။
*** *** *** *** *** *** *** *** *** *** *** ***
ဟိုးအမြင့်...မိုးသားထဲမှာ မီးခိုးဖြူဖြူလေးတန်းပြီး သွားနေတဲ့
(ပြပြလေး မြင်နေရတဲ့) ဂျက်လေယာဉ်တွေ တွေ့လိုက်တိုင်း ရင်ထဲက
လှိုက်လှိုက်ပြီး ဆို့တက်လာတယ်...။
တကယ်ဆို ဒီခရီးဟာ နီးနီးလေးပါ...။
ဒီ... နှစ်နာရီခွဲလောက်ပဲ ကြာတဲ့ ခရီးလေးကို ကျနော့်မှာ နှစ်နဲ့ချီပြီး
အချိန်ပေးနေရတယ်။
တစ်ချို့တွေ... (၁)နှစ်ကို နှစ်ခေါက်၊သုံးခေါက် ပြန်နေကြပါတယ်...။
ကျနော် မပြန်နိုင်ပါဘူး...။
ချမ်းသာပြီးသား လေကြောင်းလိုင်းတွေကို ကျနော် လုပ်မကျွေးနိုင်ပါဘူး...။
တစ်ခါတစ်ခါ... ကိုယ့်အတ္တက ကိုယ့်နှလုံးသားကို ပြန်ပြန်...စားပါတယ်။
ကျနော့်နောက် (၁)နှစ်ကျော် နောက်ကျပြီးမှ Oversea ရောက်ခဲ့ရတဲ့...
ဗမာလူမျိုးစစ်စစ် ဂျာမဏီနိုင်ငံသားနဲ့ ဖူးစာဖက်ခဲ့တဲ့ မရီးတော်က
လှမ်းပြောရှာပါတယ်...
" ပြန်ပေါ့ဟယ်... " တဲ့။
ကျနော် ပြန်ပြောခဲ့တယ်...
" ကျနော် ပြန်ချင်ပါတယ်... အစ်မ "
" ကျနော် ပြန်ချင်တဲ့ ပြန်ချင်ခြင်းမျိုးက ပြန်မလာချင်တော့တဲ့ ပြန်ချင်ခြင်းမျိုးပါ။ "
" ဒါပေမယ့် ကျနော် အဲဒီလို လုပ်လို့ မရဘူး ဖြစ်နေတယ်။ "
" ကျနော့်ကို ကျနော်ကိုယ်တိုင်ကကို ပြန်လာဖို့ ခိုင်းနေတာ... "
" ပြန်လာတဲ့နေ့ ကျနော့်အဖို့ ဘယ်လောက်ထိ ခက်ခဲပင်ပန်းလွန်းတာ
ကျနော်ပဲ သိပါတယ်။ " လို့...
ဘယ်သူမှ ကိုယ် သေမယ့်ပုံစံကို ကြိုမသိကြပါဘူး...။
တကယ်လို့သာ...
မြွေမကိုက်၊ကားမတိုက်၊ဓါတ်မလိုက်၊ဆေးထိုးမမှားလို့ A မကိုက်ရင်...
(ဒါကတော့ ကိုညီ့ စကားပါ)၊
ဦးနှောက်သွေးကြော မပြတ်၊ သူများ မသတ်ရင်...
ကျနော်...
နှလုံးရောဂါနဲ့ သေမှာပါ... ... ...။
*** *** *** *** *** *** *** *** *** *** *** ***
(၃)နှစ်ကျော်ကာလ ခွင့်ပြန်စဉ်... ကျနော့်အမေက ပြောပါတယ်...
" ဘာတွေပဲ ဖြစ်နေနေ ခြောက်နှစ်တော့ ပြည့်အောင် လုပ်ပါ... သားရယ် " တဲ့။
သူလည်း နှစ်(၃၀)လုံးလုံး ယောင်ချာချာ၊ မရေမရာ ဘ၀မှာပဲ တစ်ဝဲလည်လည်
ဖြစ်နေခဲ့ရတဲ့
ဒီ...သားကြီးသြရသ ဘ၀ကို သေချာခိုင်မာစေချင်ရှာမှာပေါ့လေ...။
ညနေက အမေ့ဆီ ဖုန်းဆက်ပါတယ်...
" အမေပြောတဲ့ ခြောက်နှစ်ပြည့်ပြီ။ "
" အမေပြောတဲ့ ခြောက်နှစ်ပြည့်ပြီ။ "
" အမေပြောတဲ့ ခြောက်နှစ်ပြည့်ပြီ။ " ဆိုပြီး...
စကား တစ်ခွန်းတည်းကို ထပ်ကာ တစ်လဲလဲ ပြောမိတယ်...။
အကြိမ်ပေါင်း မရေတွက်နိုင်အောင် ပြောမိတယ်...။
အော်ကြီးဟစ်ကျယ် ပြောမိခဲ့တယ်...။
ပြောနေရင်းမှာ မျက်ရည်တွေဟာ ပိုးပိုးပေါက်ပေါက် ကျလာပါတယ်...။
ရှိုက်ကြီးတငင် ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကို ညနေကမှ သိရပါတယ်...။
အိပ်ပျော်သွားတာလား...၊ သတိလွတ်သွားတာလား... ကိုယ်တိုင် မသိနိုင်ခဲ့ဘူး။
ပြန်သိလိုက်တဲ့အချိန် မျက်လုံး အဖွင့်မှာ...
အမှောင်ထုရဲ့ ဆီးကြိုပွေ့ဖက်ခြင်းကို ခံလိုက်ရတယ်...။
ဝန်းကျင်တစ်ခုလုံးဟာ ငြိမ်သက်၊ တိတ်ဆိပ်လို့ နေပါတယ်...။
ခုချိန်ထိတော့ ကျနော်... အမှောင်ထုထဲမှာ တစ်ယောက်တည်းပါပဲ။
နောက်လည်း... ဘယ်အချိန်အထိ တစ်ယောက်ထဲ ရှိနေရဦးမယ် ဆိုတာ...
ကျနော်ကိုယ်တိုင် မသိနိုင်သလို၊ ဘယ်သူမှလည်း မသိနိုင်ပါဘူး...။
အမှောင်ထုထဲက ဟိုးအဝေး(ဝေးနိုင်သမျှ ဝေးဝေး)ကို ငေးမျှော်ရင်း...
နှုတ်ခမ်းဖျားထက်မှာ လေသံလောက်သာသာ အသံလေးနဲ့...
စကားလေး တစ်ခွန်းကိုသာ ညှင်ညှင်သာသာ ရွတ်နေမိတယ်...
" ငါ့ကို ဘယ်သူ ပြန်ပို့ပေးနိုင်လဲ...? "
" ငါ့ကို ဘယ်သူ ပြန်ပို့ပေးနိုင်လဲ...? "
" ငါ့ကို ဘယ်သူ ပြန်ပို့ပေးနိုင်လဲ...? "
" ငါ့ကို ဘယ်သူ ပြန်ပို့ပေးနိုင်လဲ...? "
" ငါ့ကို ဘယ်သူ ပြန်ပို့ပေးနိုင်လဲ...? "
KKT
Dec 12, 2011
Subscribe to:
Post Comments (Atom)
No comments:
Post a Comment