Feb 18, 2016

“ မျက်ရည်ချူတဲ့ စာ ”



ငါတို့တွေ သေချာပေါက် ရှုံးရမယ့် တိုက်ပွဲကို...

တစ်မိသားစုလုံး ညီညီညွတ်ညွတ်၊ ဇွဲမလျှော့ဘဲ 

ရင်ဆိုင်ယှဉ်ပြိုင်လာခဲ့ကြတာ... 

(၂)နှစ်နဲ့ လေးလဆိုတဲ့ အချိန်ကာလမှာ

ဒီတိုက်ပွဲကြီးရဲ့ ပြီးဆုံးခြင်းဟာ ရောက်ရှိလာခဲ့တယ်...။

သူ...

သူ တကယ်ချစ်တဲ့သူတွေ...

သူ့ကို တကယ်ချစ်တဲ့သူတွေကို... ချန်ရစ်ထားခဲ့ပြီ။ 

အနိုင်ရသူ ခေါ်ဆောင်ရာကို မလိုက်ချင်ဘဲ လိုက်ပါသွားခဲ့ရပြီ။ 

သံသရာခရီးကို ထွက်ခွါသွားနှင့်ပါပြီ... ... ...။

မဝေးတော့တဲ့ တချိန်မှာ...

ပြင်းပြသော ပူဆွေးသောကကို ဧကန်မုချ ရင်ဝယ်ပိုက်ရမယ်ဆိုတာ... 

ကြိုတင်ဆင်ခြင်၊ နှလုံးသွင်းနေခဲ့တာပါပဲ။ 

ဒါပေမယ့်... 

တကယ်တမ်း  လွမ်းဆွတ်တသ၊ သတိရစိတ်ကို  ရရှိပိုင်ဆိုင်လာတဲ့အခါ 

ခံစားမှုတို့ဟာ... 

ထိရှနာကျင်လွန်းလှတယ်...။ ခါးသီးပြင်းထန်လွန်းလှပါတယ်...။


*** *** *** *** *** *** *** *** *** *** *** ***  


Oversea သက်တမ်း ကြာလာတဲ့အခါ... 

သားဖြစ်သူကို နားစေချင်တဲ့ (သားနဲ့အတူ ပြန်နေချင်တဲ့)

လေသံ၊ မျက်နှာထားတို့ကို မြင်ရ၊ ကြားရပါတယ်။ 

ကျနော်က... 

“ အသက်တွေ ကြီးလာတဲ့အခါ အို၊နာ၊သေဘေးဆိုတာ

ရှောင်လွှဲလို့ မရနိုင်ကြဘူး။

အဖေတို့၊အမေတို့အတွက်... 

အိုစာအတွက်လည်း မပူရတော့ဘူး။

သေစာအတွက်လည်း မပူရတော့ဘူး။ 

နာစာ... 

ဘယ်အချိန်မှာ နာမလဲ..! 

ဘယ်လိုအနာမျိုး နာမလဲ..! 

ဘယ်လောက်ကြာကြာ နာမှာလဲ..! မသိနိုင်ဘူး။ 

နာစာအတွက်တော့ ရှာရလိမ့်အုံးမယ်... အဖေ ” ဆိုတော့ ...

ဘာမှမပြောရှာတော့ဘူး။


*** *** *** *** *** *** *** *** *** *** *** *** 
 

၂၀၁၄၊ မေမှာ... 

တပည့်ကို ညီအရင်းလို၊ သူငယ်ချင်းလို ပေါင်းတဲ့ ဆရာရင်းနဲ့

ပြန်ဆုံပါတယ်။

“ အမေရိကန်ဆေးတွေ ကောင်းတယ်... ဟေ့ကောင် ” 

“ အမေရိကန်ဆေးတွေ ၀ယ်တိုက်ပါလား..! ” ဆိုပြီး အကြံပေးပါတယ်။

မချိပြုံးလေးနဲ့ စိတ်ထဲကပဲ... 

“ တိုက်ချင်တာပေါ့ အာစရိရယ်   

အမေရိကန်ဆေး ၀ယ်တိုက်ရုံတင်မက...
ဖြစ်နိုင်ရင် အမေရိကားကိုတောင်ပို့ပြီး ကုပေးချင်တာပေါ့။ ” လို့... 

ကာလရှည်ကြာဆိုတဲ့ အချိန်အပိုင်းအခြားတစ်ခုမှာ  

" ၀န်နဲ့အား၊ လေးနဲ့မြား " ဆိုသလို...။
ပြီးတော့... အဆုံးသတ် Result ကို သိနှင့်နေခဲ့တော့လည်း... ... ...။

ဒါပေမယ့်... 

ကျနော် စွမ်းနိုင်သမျှ၊ လုပ်ပေးနိုင်သမျှ 

မလျော့တမ်း၊ မလျှော့တမ်း
ဖြည့်ဆည်းပေးဆပ်ခဲ့ပါတယ်...။
ဆေးတစ်လုံး လေးသောင်း.. ဆိုလည်း " ထိုး " ပါပဲ။
ဆေးတစ်လုံး လေးသောင်းခွဲ.. ဆိုလည်း " ထိုး " ပါပဲ။
ဆေးတစ်လုံး ခုနစ်သောင်း.. ဆိုလည်း " ထိုး " ပါပဲ။
“ ယောင်္ကျားရေ... (ဆေး)အလှူရှင်ရှိလို့ နဲနဲ သက်သာတယ်ဟေ့ ” 

ဆိုရင်လည်း " အေး... အေး " ပါပဲ။ 

“ ယောင်္ကျားရေ... ဒီတစ်ပတ်တော့ (ဆေးတွေ ၀ယ်လိုက်ရလို့)

များသွားတယ်ဟေ့ ” ဆိုရင်လည်း 

" အေး... အေး " ပါပဲ။ 


*** *** *** *** *** *** *** *** *** *** *** ***  


(ရွှေမြန်မာတို့ရဲ့ အစဉ်အလာကောင်းတဲ့...) 

သီတင်းကျွတ်ဆိုရင် မိဘတွေကို ကန်တော့ကြတဲ့ အလေ့အထတစ်ခုမို့ 

မဖြစ်မနေ ပြန်သွားခဲ့တယ်။ 

ဘ၀မှာ ခက်ခဲပင်ပန်းလွန်းတဲ့ စိတ်ခံစားမှုမျိုးစုံ ရရှိပိုင်ဆိုင်ဖူးပါတယ်။ 

"ဒီက ပြန်သွားတာနဲ့ ငါ့အဖေကို အသက်ရှင်ရက် ပြန်မတွေ့နိုင်တော့ဘူး" 

ဆိုတဲ့ အသိလောက် ဆို့နင့်ကြေကွဲရတာ မရှိတော့ပါဘူး...။ 

မနက်မိုးလင်း၊ အိပ်ရာနိုးချိန် မျက်လုံးဖွင့်လိုက်တိုင်း... 

မတွေ့ရတာ ကြာပြီဖြစ်တဲ့ သား(သူအားကိုးတဲ့  သားကြီးသြရသ)မျက်နှာကို
မြင်လိုက်ရလို့ ...

" ကျက်သရေ ရှိသွားတာပဲ " ဆိုပြီး နှုတ်က ဖွင့်ဟ၊

ကျေနပ်အားရခဲ့တဲ့ အဖေ... 

အနားမှာရှိနေတဲ့ လူတွေကိုတောင် မသိတစ်ချက်၊ သိတစ်ချက်

ဖြစ်လာတဲ့အချိန်မှာ...

မိုင်(၁၃၀၀)ကျော်အဝေးက သားကို လှမ်းမြင်လိုက်တဲ့ ...ခဏ  

" သား " လို့ အားရပါးရ ခေါ်သွားခဲ့တဲ့ အဖေ...


*** *** *** *** *** *** *** *** *** *** *** *** 


(၁၆)ရက်အကြာမှာ နောက်တစ်ခါ ကျနော် ပြန်ရောက်သွားရပါတယ်။

“ ကျနော့်ကို ခွင့်မလွှတ်ပါနဲ့ အဖေ ”

ကိုယ့်အဖေမှာ (ငယ်ငယ်ရွယ်ရွယ်နဲ့) အသက်ဝိညာဉ်ကို နှုတ်ယူမယ့်...

ကြောက်စရာရောဂါဆိုးကြီး စွဲကပ်နေတာ မရိပ်စားမိလောက်အောင်

ညံ့ဖျင်းလွန်းတဲ့... ကျနော့်ကို ခွင့်မလွှတ်ပါနဲ့ အဖေ ”

“ (အသန့်ကြိုက်လွန်းသလောက်) အနံ့အသက်တွေကို ခံနိုင်ရည်မရှိခဲ့တဲ့... ”

“ ကျနော့်ကို ခွင့်မလွှတ်ပါနဲ့ အဖေ ”

“ အညစ်အကြေးတွေကို (ကိုင်တွယ်ဖို့ မဆိုထားနဲ့)...

ကြည့်ဖို့၊ မြင်ဖို့တောင် မရဲတဲ့... ”

“ ကျနော့်ကို ခွင့်မလွှတ်ပါနဲ့ အဖေ ”

“ ကိုယ့်ကို လူအဖြစ်ကို ပေးခဲ့သူ၊ လူ့ဘ၀က ထွက်ခွါသွားရတော့မယ့်

အချိန်မှာတောင် အနားမှာ ရှိနေမပေးခဲ့တဲ့... 

ကျနော့်ကို ခွင့်မလွှတ်ပါနဲ့ အဖေ ”

“ သား ဘယ်တော့ ပြန်လာမှာလဲ..?  လို့

လေသံပျော့လေးနဲ့ မေးတဲ့အချိန်မှာ 

နှုတ်ဆိပ်ဆွံ့အ၊ စကားလုံး ရှာမရခဲ့တဲ့...  

ကျနော့်ကို ခွင့်မလွှတ်ပါနဲ့ အဖေ ”

“ ဧည့်သည်လိုနေပြီး၊ ဧည့်သည်လို ပြန်သွားတဲ့ ... ... ...

ကျနော့်ကို ခွင့်မလွှတ်လိုက်ပါနဲ့ အဖေ ”

အသက်မဲ့နေပြီဖြစ်တဲ့ အဖေ့ရုပ်ခန္ဓာကို ကြည့်ပြီး၊ 

ရင်ထဲမှာ စကားတွေ အများကြီး... ... ...။

မိသားစုဆရာတော်လို ဖြစ်နေတဲ့ မြို့နယ်သံဃာ့နာယက(ဥက္ကဌ)ဆရာတော်က 

သူ(ကျမ်းမာစဉ်က)နဲ့ သမီးလေးရဲ့ ဓါတ်ပုံကြီးကို ကြည့်ရင်း... 

“ ရောဂါ ဖြစ်သွားတာကိုး။ ဘယ်တတ်နိုင်မလဲ..! ” ဆိုပြီး 

သံယောဇဉ်မလွတ်တဲ့ စကားကို (ဖြေးဖြေးလေးလေး) မိန့်ရှာတယ်။


*** *** *** *** *** *** *** *** *** *** *** *** 


အတိတ်ပုံရိပ်တို့ဟာ အာရုံမှာ ကပ်ညိလာလိုက်၊ ပျောက်ကွယ်သွားလိုက်...။ 

လမ်းတစ်လျှောက် မြင်ကွင်းတွေဟာ

ကြည်လင်ပြတ်သားတစ်ခါ၊ မှုံရီေ၀၀ါးတစ်ချက်...။ 

အရှေ့က ကားဆီမှာတော့  သူ့ရဲ့နောက်ဆုံးခရီးကို လဲလျှောင်းရင်း 

(တရွေ့ရွေ့) သွားနေခဲ့ရပြီ...။

တံခါးကြီးတစ်ချပ်ရှေ့ကို ရောက်လာခဲ့ပါပြီ။

ဒီတံခါးကြီးရဲ့တစ်ဖက်ကို ၀င်ရောက်သွားတာနဲ့ လောင်ကျွမ်း၊

ပြီးဆုံးသွားရတော့မယ်...။

ငိုကြွေးကြ...။

ကန်တော့ကြ...။

“ ဆရာဝန်ကြီး လက်လျှော့မှ သားလည်း စိတ်လျှော့ခဲ့တာပါ... ” 

“ အဖေ ကျေနပ်မှာပါ။ အဖေ ကျေနပ်ပေးပါ... ” လို့

တောင်းပန်၊ ကန်တော့ဖြစ်ပါတယ်။

အေးစက်နေပြီဖြစ်တဲ့ သူ့လက်လေးကို ဆုပ်ကိုင်ပြီး... 

“ အဖေ... သွားတော့နော် ” လို့ နောက်ဆုံးနှုတ်ဆက်လိုက်ရပါတယ်။


*** *** *** *** *** *** *** *** *** *** *** ***


ဒီနေ့

(၃)လ ပြည့်ပါပြီ။

ကျနော့်မျက်ဝန်းတွေ စိုစွတ်နေဆဲပါပဲ... ... ...။ 

“ မြင့်သော၊ မြတ်သော ဘုံဘ၀တစ်ခုမှာ ရောက်ရှိနေနိုင်ပါစေ... အဖေ
 
KKT

No comments:

Post a Comment