Dec 12, 2010

" ပဉ္စမံ အလွမ်း... "

နေ့ရက်နာရီတွေကတော့ ပုံမှန်လည်ပတ် သွားနေခဲ့၊ သွားနေဆဲ၊ သွားနေဦးမှာပါပဲ။ အချိန်တွေ ဘယ်လောက်အထိ တစ်ယောက်တည်း ခြောက်သွေ့ငြီးငွေ့ အထီးကျန်လွန်းစွာ ရှင်သန်နေထိုင်သွားရဦးမယ် မသိပါဘူး။

နေ့စဉ်နေ့တိုင်းဆိုသလို... မနက်မိုးလင်းရင် အိပ်ရာလေးသိမ်းပြီး အလုပ်သွား...၊
" ပိုက်ဆံ " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်နေ့လုံး သူများစိတ်နဲ့ ကိုယ့်ခန္ဓာ၊ ညနေ... အလုပ်ကပြန်လာတဲ့အခါ ကြိုသူမရှိ ခြောက်ကပ်တိတ်ဆိတ်နေတဲ့ အခန်းလေး။ ကိုယ်စားဖို့အတွက် ကိုယ်ကိုယ်တိုင်သွားဝယ်၊ ကိုယ်ကိုယ်တိုင်ချက်၊ ဘာအရသာပဲဖြစ်နေနေ တာဝန်ကျေတစ်နပ်ပြီး... (တခါတလေတွေမှာ ဟင်းကောင်းပါပါ မပါပါ ဖွယ်ဖွယ်ရာရာ စုံစုံလင်လင်ရှိလှတဲ့ အမေ့အိမ်က ထမင်းဝိုင်းလေးကို သတိရမိတယ်...)၊ စားသောက်ပြီးတော့လည်း အိုးခွက်ပန်းကန်တွေ ကိုယ်ကိုယ်တိုင်ပဲ ဆေးကြောသိမ်းဆည်း။ ည... ဘုရားရှိခိုးပြီးတော့ သမီးလေးဓါတ်ပုံလေးကြည့်... " ဖေဖေ တစ်ညအိပ်လိုက်ဦးမယ် သမီးလေးရေ...။ " လို့ ပြောပြီး၊ အိပ်ရာဝင်။ အဲဒီလိုနဲ့ တစ်ရက်ဆိုတာ ပြီးဆုံး...။

ပိုက်ဆံရှာပေးတဲ့ ခန္ဓာကိုယ်ကြီးကလည်း ဘယ်လောက်ပဲ ဂရုစိုက်နေနေ ကံ၊ စိတ်၊ ဥတု၊ အာဟာရ... ထိုအရာတွေ မညီမျှလို့ ဖျားတဲ့နာတဲ့အခါတွေမှာ အရမ်း ခက်ခဲပင်ပန်းလွန်းလှပါတယ်။ ကိုယ်ဖြစ်ကိုယ်ခံ...၊ ကိုယ့်ကိုကိုယ်ကု...၊ ပြုစုပေးမယ်သူဆိုတာ မရှိ။ (အဲလိုအချိန်မျိုးတွေမှာဆို... သားဆီကို အမြဲစိတ်ရောက်နေတတ်တဲ့၊ သားအတွက် အမြဲစိုးရိမ်နေတတ်တဲ့ အမေကို တအားတမ်းတမိပါတယ်။)

လွန်ခဲ့တဲ့ နှစ်တော်တော်များများ... ဗမာပြည်၊ နယ်မြို့လေးတစ်မြို့က ရပ်ကွက်တစ်ခုရဲ့ ချောင်ကျကျအိမ်ကလေးတစ်လုံးထဲမှာ တစ်နေကုန် မိုးလင်းက မိုးချုပ်...၊ မနက်ဖြန်ဆိုတာ ဘာမှန်းမသိ၊ အနာဂတ်ဆိုတာ နတ္ထိ... ... ...။ အဲဒီလို အခြေအနေမျိုးကနေ ဒီနေ့၊ ဒီအချိန်... ဒီလိုနေရာဒေသမျိုးမှာ ဒီလိုဝင်ငွေ၊ ဒီလိုအလုပ်မျိုးနဲ့ တစ်ယောက်တည်း နှစ်ရှည်လများ လှုပ်ရှားလုပ်ကိုင် နေထိုင်ရ
လိမ့်မယ်... လို့ တွေးတောင် မတွေးမိခဲ့ပါဘူး။ တကယ့်ကို စိတ်ကူးယဉ်ဆန်တဲ့...၊ ဇာတ်လမ်းဆန်တဲ့...၊ မှော်ဆန်တဲ့ ဘဝတစ်ဆစ်ချိုးပါ...။ ဘဝအပြောင်းအလဲကြီးပါ။

နေ့တွေ၊ ညတွေ၊ အချိန်တွေ... ... ...
ဘာလိုလိုနဲ့ ငါးနှစ်ဆိုတဲ့ အချိန်အပိုင်းအခြားတစ်ခုကို ဖြတ်သန်းရောက်ရှိခဲ့ပါပြီ...။
တစ်ခါတစ်ခါ..." ပိုက်ဆံတွေကို စွန့်ခွါပြီး၊ မိသားစုနဲ့ ပြန်နေမလား...? " လို့ ကိုယ့်ကိုကိုယ် မေးမိတယ်။ " မိသားစုတွေအတွက် ပိုက်ဆံနဲ့ နေရဦးမှာပါပဲ။ " ဆိုတဲ့ အဖြေပဲ အမြဲထွက်လာပါတယ်။

" ဘဝပန်းတိုင် " ဆိုတဲ့ ခရီးကို ရထားကြီးတစ်စီး ခုတ်မောင်းထွက်ခွါ လာတာဟာ အရှိန်အဟုန်လေးတစ်ခုကို ရောက်ရှိဖြစ်တည်နေပါပြီ။ ဒီအချိန်မှာ စက်ခေါင်းကြီးရပ်တန့်သွားလို့ မဖြစ်ပါဘူး။ စက်ခေါင်းကြီးရပ်တန့်သွားရင် နောက်တွဲတွေလည်း အားလုံး ရပ်တန့်သွားပါလိမ့်မယ်။... ... ... ဆိုတော့
နောက်တွဲတွေ အလိုက်သင့် ဟန်ချက်ပျက်မသွားစေဖို့...၊
လိုက်ပါစီးနင်းသူတွေ ပုံမှန် လှုပ်ရှားမျောပါနေနိုင်စေဖို့...၊ ရထားစက်ခေါင်းကြီးက အားမာန်ပြင်းပြင်းနဲ့ အနာဂတ်ဆီကို(အတောက်ပဆုံး အနာဂတ်ဆီကို) ချဉ်းနင်းဝင်ရောက်နေရဦးတော့မှာပါ။

ကြယ်ကြွေချိန်မှာ ဆုတောင်းရင် ပြည့်တယ်... ဆိုလို့ ကြယ်ကြွေတာ မြင်ရအောင် ညတိုင်းလိုလို ကောင်းကင်ကို မော့ကြည့်ရတာ အမောပါပဲ။
ကြယ်ကတော့ မကြွေပါဘူး။
တစ်ညမှာ... Santosa~ပိုက်ဆံကျွန်း(လူတွေဆီက ပိုက်ဆံတွေ ခြူယူတဲ့ ကျွန်း) ဆီက မီးရှုးလေးတစ်ခု ပစ်လွှတ်လိုက်တာကို ရှားရှားပါးပါး မြင်လိုက်ရပါတယ်။ ဒါလေးကိုပဲ ကြယ်ကြွေတယ်လို့ မှတ်ယူပြီး ဆုတောင်းဖြစ်ပါတယ်...

" ကမ္ဘာပေါ်မှာ ရုပ်အချောဆုံးနဲ့ သနားဖို့အကောင်းဆုံး သမီးလေးဆီကို အမြန်ဆုံး ပြန်ခွင့်ရပါစေ။ " လို့... ... ... ... ... ... ... ... ...

KKT

Nov 10, 2010

" တရှိုက်မက်မက် "


* အခုလို...

ငြိမ်သက်အေးချမ်းတဲ့ ညဥ့်လယ်ယံတွေမှာ

စိတ်အစဉ်ဟာ

အတိတ် ရင်ခွင်ဆီ

လူးလွန့် တိုးဝင်သွားပြန်တယ်...။

(၁)

" အမေဟာ ငါ့ရင်ဘတ်ထဲကို အရမ်းချစ်တတ်တဲ့ အရာတစ်ခု

ထည့်သွင်း မွေးဖွါးပေးခဲ့တယ်... "

* တွေ့စတည်းက

ဝေးရဖို့အတွက်

ရက်သက်မှတ်ထားတဲ့ ဘဝမှာ

အချစ်စစ်တစ်ခုရယ်...

မဖြစ်သင့်ခဲ့ပါဘူး။

* တစ်နေ့နေ့မှာတော့

မမေ့တဲ့ အကြောင်းအရာတွေ

(ဆွတ်ပျံ့ ကြည်နူးစွာ...)

ပြောပြခွင့် ရချင်မိတယ်။

ခဏလောက်ဖြစ်ဖြစ်ပေါ့...။

* ကံကြမ္မာရဲ့ စေတနာ

လွဲမှားတဲ့ အမှန်တရားတစ်ခုအောက်မှာ

ငါ့ကိုယ်ငါ အခါခါမုန်းတယ်...။

* ထိလုလု လက်နှစ်စုံဟာ

(မကြာခင်မှာ) အမြဲမခွဲ

တွဲဆက်ကြတော့မှာ ဖြစ်နိုင်သလို...

(ဘယ်တော့မှ) မပေါင်းဆုံနိုင်အောင်

ဝေးကွာသွားတော့မယ့် နိမိတ်ပုံလည်း ဖြစ်နိုင်ပါတယ်...။

* ရင်မခုန်ရဘူး...

"
မင်းရဲ့ ပန်းတိုင်... ငါ မဟုတ်ရဘူး။ "

ဟန်ဆောင်သတိနဲ့

မငြိတွယ်အောင် နေခဲ့ပေမယ့်

ငါ သိလိုက်တဲ့ အချိန်မှာ... ... ...။

(၂)

" ကောင်းကင်ဟာ ကြေကွဲရင် မျက်ရည်ကို မိုးအဖြစ် ရွာချတယ်... "

* သနားငဲ့ညှာခြင်းတွေရယ်...

မိုးမနေပါနဲ့တော့။

စိုပါစေ... ရွှဲရွှဲ

မချစ်ခင်က လွမ်းနှင့်နေရတဲ့ ဒီအသည်း

ခပ်ရဲရဲ ကွဲကြေစမ်းစေတော့ရယ်လို့... ... ...

" ... ... " ရယ်

လောကမှာ

ငါ မလိုချင်ဆုံးနဲ့ အကြောက်ဆုံးအရာ

" ချစ်မြတ်နိုးလွန်းသူရဲ့ အမုန်း " ဆိုတာပါ...။

(၃)

* အပြုံးတစ်ချက်

အိပ်မက်မှာတွေ့တယ်။

မင်း ပျော်နေတယ်လား...?

ငါလည်း ပျော်တယ်(ထင်တယ်)။

ညတွေရယ်...

(ငါ့ကို...) အိပ်မက်ဆီ သယ်ဆောင်သွားပေးပါ။

အိပ်မက်မှာ...

လွတ်လပ်တဲ့ စိတ်ကူးတွေ ရှိတယ်။

ခွင့်ပြုခြင်းတွေ ရှိတယ်။

ကွယ်ဝှက်မထားတဲ့ ခံစားချက်တွေ ရှိတယ်။

အပြောချင်ဆုံး(အကြားချင်ဆုံး) စကားတစ်ခွန်း ရှိတယ်။

ဒါပေမယ့် " ... ... " ရယ်

နိုးထပျောက်ကွယ်သွားတဲ့အခါ...

အိပ်မက်ဆိုတဲ့အရာ

ဘယ်နေရာမှာ တွေ့အောင် ရှာနိုင်မလဲ...?

(၄)

* " ... ... " ရေ

မျှော်လင့်ချက်ဆိုတာ အလင်းရောင်ဆိုရင်

ငါဟာ အမှောင်မှာ ကျင့်သားရနေပေါ့။

နားလည် စာနာမှုတွေ...

ဖေးမ နှစ်သိမ့်မှုတွေ...

ယုယ ကြင်နာခြင်းတွေ...

အားလုံး အားလုံးရဲ့ အဝေးမှာ

ကျေနပ်စွာ နေတတ်ရင်း...၊

" အထီးကျန်ခြင်း " ဆိုတာ

ငါ့ရဲ့ သစ္စာအရှိဆုံး အဖော်ပါပဲ...။

* အနာဂတ်မှာ

လက်တွေ့ဆန်တဲ့ ရှင်သန်ခြင်းတွေနဲ့အတူ

ကြည်ဖြူစွာ ခံယူခဲ့တဲ့

ဖြစ်တည်မှု ဒါဏ်ရာကို ဖုံးကွယ်ရင်း...၊

တကယ့်ကမ္ဘာရယ်...

မတားပါနဲ့

သတိရခွင့်ကိုတော့ ငါ ပိုင်တယ်...။

(၅)

* " ထာဝရ " ဆိုတဲ့ ဝေဒနာ

အချိန်သမားတော် လက်မြှောက်တာ သေချာနေမှတော့

လျော့လျော့လေး ပြုံးရင်း...၊

" ... ... " ရေ

ခုတော့...

တံခါးပိတ်အလွမ်းနဲ့

အချစ်ရဲ့ ခပ်လှမ်းလှမ်းမှာ

ငါ နေထိုင်ပါတယ်... ... ...။

KKT

Sep 12, 2010

" ဇွန် "


ဇွန်...

ဆုံစည်းခြင်း

ပုံရိပ်

အမှတ်မထင်

အာရုံမှာ တင်ကျန်တယ်။

အံ့သြတယ်...

ဝမ်းသာတယ်...

ပြီးတော့ ရင်မှာ...


နာကျင်တယ်။

မင်းရဲ့ သဏ္ဍာန်

မင်းရဲ့ ဟန်

နံရံတစ်ဖက်ခြမ်းဆီက ရင်ခုန်သံ

ညင်သာစွာ လှုပ်ခတ်

ဒါ... ရေစက်ဆိုရင်

ကဗျာမှာတော့

ညာတာ မပါချင်ဘူး... ဇွန်။

အနီးဆုံးက အဝေးဆုံးဘဝအတွက်


ဆန္ဒတွေ ရပ်တန့်

အိပ်မက်ရဲ့ အလွန်

ချစ်တတ်တဲ့စိတ်

တိတ်တိတ်ကြွေတယ်... ဇွန်။

KKT

Aug 18, 2010

" ရင်နှင့်ရင်း၍၊... "

ခုတော့ ကျနော်တစ်ယောက်တည်း ဖြစ်သွားပြန်ပါပြီ...။

*** *** *** *** *** *** *** *** *** *** *** ***

(၁၉၇၅)ခုနှစ်၊ သြဂုတ်လ(၁၈)ရက်နေ့... ညနေ (၃)နာရီနဲ့ မိနစ်(၅၀)ကျော်တဲ့
အချိန်မှာ ရန်ကုန်၊ မင်္ဂလာဒုံစစ်ဆေးရုံကြီးရဲ့ မီးယပ်နဲ့သားဖွားဌာန...  
Baby Keeping House ထဲကို ကလေးတွန်းလှည်းလေးတစ်ခု တွန်းဝင်လာ
ပါတယ်။ တွန်းလှည်းလေးထဲက ကလေးလေးရဲ့  ညာဖက် လက်ကောက်ဝတ်မှာ
လက်ပတ်လေးတစ်ခု... Baby Kyi Kyi Aye... တဲ့။

ကျနော့်ရဲ့ ငယ်ဘဝဖြတ်သန်းမှုက အထူးတလည် ပြောပြစရာ မရှိလှပါဘူး။ သူလိုငါလို၊ သာမန်ကလေးတွေလိုပဲ ရှင်သန်ကြီးပြင်းခဲ့တာပါ။ ကစားခုန်စား မက်မောလွန်းပါတယ်။ ကျနော် မလုပ်တဲ့ အားကစား/ ကျနော်မလုပ်တတ်တဲ့ အားကစား မရှိသလောက်ပါပဲ။ ဒါပေမယ့်... ဘယ်အားကစားနည်းမှာမှ ကျနော် မထူးချွန်ပါဘူး။ ပညာရေးဘက်မှာဆိုရင်လဲ မတော်လွန်း၊ မညံ့လွန်းတဲ့ ပညာတတ်တစ်ယောက်အဖြစ်ကို ရရှိခဲ့ပါတယ်။

တစ်ခုပဲ။ အဲဒါ ကျနော့် " စိတ် "... ... ...
ကလေးဘဝတည်းက လိုချင်တာဆိုရင် မရရအောင် ပူဆာတတ်တာ...။ လုပ်ချင်တာကို ဇွတ်လုပ်တတ်တာ(စွတ်လုပ်ပစ်တတ်တာ)...။ တစ်ခါတစ်ခါ... မဆိုသလောက်၊ တစ်ခါတစ်ခါ... သိသိသာသာ ခေါင်းမာတတ်တာ...။ အစွဲအလမ်းကြီးလွန်းတာ...။ စိတ်ကျေနပ်မှုအတွက်ကို ဘယ်အရာနဲ့မဆို လဲပစ်တာ(လဲပစ်ရဲတာ)...။

ရင်ဘတ်လှုပ်တယ် ဆိုတာ ခံစားမှုတစ်ခုလို့ သိလာတဲ့အရွယ်...။
တွေ့ခဲ့ပါပြီ... ကျနော့်နှလုံးသားကို (ဘုရားသခင်က ကျနော့်နှလုံးသားရဲ့  ပုံတူကို) လူယောင်ဖန်ဆင်းထားတဲ့ ကောင်မလေး...။ အဲဒီကောင်မလေးကိုလဲ ကျနော် မရရအောင် ယူခဲ့တာပါပဲ။ ဒါပေမယ့်... အချစ်ဟာ အချစ်ပါပဲ။ ဘဝဟာ ဘဝပါပဲ။ ဘာဆိုဘာမှ အဆင်သင့် မဖြစ်သေးဘဲ စခဲ့တဲ့ နှစ်ယောက်တစ်ဘဝ ခရီးဟာ ခါးသီးလွန်းပါတယ်။ အိမ်ထောင်သက်က ရင့်သည်ထက်ရင်လာ...၊ ဘဝတွေက မပြောင်းလဲ (နုံချာသထက် နုံချာလာတော့)... နောင်ရေးအတွက်
တွေးရပါတော့တယ်။ စွန့်မှ စားရတော့မယ် လို့ ဆုံးဖြတ်ရပါတော့တယ်။ အစိမ်းလိုက်ကို ခွဲခဲ့ရပါတယ်... ... ...။

ကံ၊ဉာဏ်၊ဝီရိယ... ဤသုံးချက် ဘက်မျှတဲ့အချိန်ကျတော့ ကျနော့်ဘဝ လှလာရတော့တာပါပဲ။ ဘုရားက သနားလို့ထင်ပါရဲ့...။ ကျနော့်ဘဝရဲ့ အရှင်သခင်သေးသေးလေးကိုလဲ လူ့လောကအတွင်း သက်ဆင်းစေခဲ့တယ်။ ဘုရားကပေးတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်လေးပါ။ အမိဝမ်းတွင်းမှာတည်းက အဖရဲ့ဘဝကို အမှောင်က အလင်းကို ပို့ဆောင်ပေးခဲ့တဲ့...၊ အမိရဲ့ဘဝကို အေးမြစေခဲ့တဲ့ တန်ခိုးရှင်မလေးပါ။

 *** *** *** *** *** *** *** *** *** *** *** ***

မယုံမရှိပါနဲ့...ဘုရားက အရာရာကို မျှတအောင် ထားပါတယ်။ အကောင်းနဲ့ အဆိုးကို အမြဲတွဲပေးတတ်ပါတယ်။ တနေ့တနေ့... လုပ်စရာ ဘာမှမရှိတော့ ဘုရားအလုပ်ပဲလုပ်၊ ဘုရားစင်ရှေ့မှာထိုင်၊ ဘုရားကိုကြည့်ပြီး... ဘုရားနဲ့ ရန်ဖြစ်၊ ဘုရားနားငြီးအောင် အမြဲ ရွတ်ဖတ်နေလေတော့...
" ဒီလောက်တောင် ငွေလိုချင်တဲ့ကောင်... မင်း လိုချင်တဲ့ ငွေ ငါပေးမယ်။ အဲဒီ့ငွေအတွက် မင်း မိသားစုတွေနဲ့ ခွဲနေရလိမ့်မယ် " ဆိုပြီး...၊

" မိသားစုတွေနဲ့ ခွဲနေရလိမ့်မယ် " ဆိုပြီး...။

အဆစ်ပါသွားတာကတော့... ... ...
ကျနော်တို့ရဲ့ နှလုံးသွေးစက်ကလေးပါပဲ။ တစ်နှစ်နဲ့ (၈)လအရွယ်မှာ သူကလေးကို ကျနော် ပထမဆုံးအကြိမ် မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ သူကလေးရဲ့ အသံကို ကြားခွင့်ရပါတယ်...
" လေးလေး " ... ... ...တဲ့။
ရင်ထဲမှာ နင့်နေအောင် ခံစားခဲ့ရပါတယ်။
" ဖေဖေ... သမီးလေးရဲ့။ "
" ဖေဖေက သမီးလေးရဲ့ ဖေဖေ...။ "
" ဖေဖေက သမီးလေးအတွက် ပိုက်ဆံတွေ အများကြီး သွားရှာနေတာ...။ "
" သမီးလေးကို လွမ်းလွန်းလို့ ဟိုးအဝေးကြီးက ပြန်လာတာ... ... ...။ "
ကျနော်ဟာ အရူးတစ်ယောက်လိုပါပဲ။
တစ်ခါ... ကျနော့်ဓါတ်ပုံအောက်မှာ ကျနော်ထိုင်ပြီး... ဒီဓါတ်ပုံဟာ ကျနော့်ဓါတ်ပုံ၊ ကျနော်ဟာ သူ့ရဲ့အဖေဖြစ်တဲ့အကြောင်း...၊ ရှင်းလင်းချက် ထုတ်နေပါတယ်။ ကျနော် ပြောသမျှကို သမီးလေးက ငြိမ်ြပီးနားထောင်ပါတယ်။
ဒါပေမယ့်... " လေးလေး " ပါပဲ။
" ငါ တစ်လပဲ အချိန်ရတယ်... သမီးလေးရယ်။ ငါ့ကို ဘယ်တော့မှ အဖေခေါ်မှာလဲ...? " လို့ စိတ်ပျက်အားလျော့စွာ ညည်းမိပါတယ်။ ဘေးမှာ ရှိနေတဲ့ ရွှေယောက်ဖ... အနားလာထိုင်တယ်။ " သမီးအဖေ ဘယ်မှာလဲ...? " ဆိုတော့ ကျနော့်ကိုကျော်ပြီး၊ ကျနော့်ခေါင်းပေါ်က ဓါတ်ပုံကို လက်ညှိုးထိုးပါတယ်။ " ဒါဆို... ဒါ ဘယ်သူလဲ...? " ဆိုပြီး၊ ကျနော့်ကို လက်ညှိုးထိုးပြတော့... ... ... ... ... ... " လေးလေး... လေ။ " တဲ့။
ရွှေယောက်ဖ... ခေါင်းခါပြီး၊ ထထွက်သွားပါတယ်။ သမီးလေးကတော့ အိပ်မက်ထဲရောက်နေသူတစ်ယောက်လို ကျနော့်ကို တွေတွေလေးပဲ ကြည့်နေပါတယ်။

တကယ်တမ်း... ကျနော်တို့ ရခဲ့တာ ပိုက်ဆံတစ်ခုတည်းပါ။
အဲဒီ့ပိုက်ဆံတစ်ခုတည်းအတွက် ကျနော်တို့ ပြန်ပေးလိုက်ရတာတွေကတော့ မရေတွက်နိုင်လောက်အောင်...၊ နှိုင်းဆလို့ မရနိုင်လောက်အောင်...။ အခုလဲ ဒါဟာ ကျနော် ပြန်ပေးလိုက်ရတဲ့ အရာတွေထဲက တစ်ခုလို့ပဲ... ... ...။

*** *** *** *** *** *** *** *** *** *** *** ***

နယ်က ကျနော့်မိဘအိမ်ကို ပြန်သွားကြပါတယ်။ ကျနော့်သမီးလေး ကျနော့်ကို
" လေးလေး " ခေါ်နေတဲ့အပေါ် ကျနော့်မိသားစုတွေလည်း
စိတ်မကောင်းကြပါဘူး။ နောက်ဆုံး... ကျည်ဆံကုန် ပစ်ရပါတော့တယ်။
ကျနော့်နှလုံးသား၊ ကျနော့်အစ်မ၊ ကျနော့်ညီ၊ ကျနော့်အမေနဲ့ ကျနော့်အဖေ... အားလုံးက ကျနော့်ကို သမီးလေးရှေ့မှာဆိုရင် " ဖေဖေ " ခေါ်ရတော့တာပဲ။ ဒီတော့မှ သမီးလေးလည်း နားယဉ်လာပြီး၊ နှုတ်ထွက်ရဲလာပြီး... " ဖေဖေ " ခေါ်လာတော့တယ်။ တကယ်ဆို သူ သိနေပါတယ်။ သူ့ကို အမြဲတမ်း ပြုံးပြီး၊ ကြည့်နေတတ်တဲ့ ဒီလူကြီးဟာ... " သူ့ရဲ့အဖေ " ဆိုတာ။ မိသားစုတွေ ဝိုင်းပြီး အပို့ကောင်းလို့ " ဖေဖေ " ဖြစ်သွားပေမယ့် တစ်ခါတစ်ခါ " လေးလေး " ဖြစ်သွားပါသေးတယ်။ အဲဒီအခါမျိုးတွေမှာ ကျနော်က " ဖေဖေ... သမီးလေးရဲ့။ ဖေဖေ " လို့ ပြင်ပေးလိုက်တဲ့အခါမှ...၊ " သြော် ဖေဖေ... ဖေဖေ " ဆိုပြီး၊ ပြန်ဖြစ်သွားပါတယ်။

ကျနော့်သမီးလေးရဲ့ ရုပ်ဆင်းအင်္ဂါ၊ ဗီဇစရိုက်၊ အမူအကျင့်... အများစုဟာ ကျနော့်နှလုံးသားနဲ့ တူပါတယ်။ အသားဖြူတာ၊ ဂုတ်ကလေးတိုနေတာ၊ အငိုသန်တာတွေဟာ သူ့အမေဆီက အမွေရခဲ့ပြီး၊ ပါးချိုင့်လေးပါတာ၊ အသန့်ကြိုက်လွန်းတာတွေကျတော့ ကျနော်နဲ့ တူပြန်ပါရော...။

နောက်တစ်ခု... ကျနော့်နှလုံးသားက နည်းနည်း လောဘကြီးတတ်တယ်။ သမီးရည်းစားဘဝက သူ စကားပြောရင် သူ့မျက်နှာ ကြည့်နေမှ
(သူ့မျက်နှာကြည့်ပြီး နားထောင်နေမှ) သဘောကျတယ်။ သူ့မျက်နှာကို မကြည့်ဘဲ နားထောင်ဖြစ်တဲ့အခါမျိုးမှာဆိုရင် ကျနော့်မျက်နှာကို မေးကနေကိုင်ပြီး၊ သူ့မျက်နှာရှေ့ကို ဆွဲလှည့်ပစ်တတ်တယ်။ ကျနော်က... " ပြောပါ မီးရယ်။ ကို... နားထောင်နေပါတယ်။ " လို့ ပြောရတယ်။ နှစ်ယောက်တစ်ဘဝရယ်လို့ ဖြစ်လာတော့... ဘဝအမောတွေ ရိုက်ခတ်လာတဲ့အခါ တစ်ခါတစ်ခါ သူ့စကားတွေကို သူ့သဘောကျပုံစံအတိုင်း နားမထောင်ဖြစ်ပါဘူး။ အဲဒီ့အခါမျိုးတွေမှာ သူကတော့ သူ့ထုံးစံအတိုင်း ကျနော့်မျက်နှာကို သူ့မျက်နှာ ရှေ့တည့်တည့်ကို ဆွဲလှည့်လိုက်ပြန်ရော...။
အဲဒီတော့မှ ကျနော်က " သြော်... အေး အေး။ မီး... ပြော ပြော " လို့ လုပ်ရတယ်။ အာရုံတွေ နောက်ကျိနေတဲ့အခါများမှာတော့ " ဒီနားတွေက နားထောင်နေတာ။ ဒီမျက်လုံးတွေက နားထောင်နေတာ မဟုတ်ဘူး...။ " ဆိုပြီး၊ ခပ်မာမာ ပြန်ပြောမိတဲ့အခါ... ကျနော့်ကို တအံ့တသြကြည့်...၊ ချက်ချင်း မျက်ရည်တွေ ဝဲတက်လာပြီး၊ ဆောင့် ဆောင့် ဆောင့်နဲ့ ထထွက်သွားပါတယ်။ အဲဒီတော့မှ" သြော်... ငါ ချစ်လို့မှ ယူထားတဲ့ မိန်းမလေး " ဆိုပြီး၊ ကျနော်ကပဲ စိတ်မကောင်းဖြစ်ရပြန်ပါတယ်။

တစ်ခါမှာတော့...
" လေးလေး... ရေ။ လေးလေး... ရေ။ " ဆိုတဲ့ ခေါ်သံလေးနဲ့အတူ ကျနော့်မေး
ဖျားလေးကို လက်ကလေးတစ်ခုက လာကိုင်ပြီး၊ မျက်နှာသေးသေးလေးတစ်ခု ကျနော့်မျက်နှာရှေ့ကို ရောက်လာပါတယ်။ ကျနော်... " Honey " ဆိုပြီး၊ တအံ့တသြ လှမ်းခေါ်လိုက်တဲ့အခါ၊ ကျနော့်နှလုံးသားက " ဟုတ်တယ်... ကိုကို။ မီးကိုလည်း အဲလိုပဲ လုပ်တယ်။ မီးကို သူ စကားပြောချင်တဲ့အခါတိုင်းလည်း အဲဒီလိုပဲ...။ " လို့ ပြန်ပြောပါတယ်။ ကျနော်က " ပြော သမီးလေး... ပြော။
ဖေဖေ့ကို ပြော " လို့ ဆိုတဲ့အခါ ဘာမှမပြောတော့ဘဲ " သြော် ဖေဖေ... ဖေဖေ " ဆိုပြီး၊ တစ်ယောက်တည်း ပြုံးနေပါတော့တယ်။

အချိန်တန်တော့လည်း ကြိမ်စကြာထက်ဆိုးတဲ့ ငွေစကြာနဲ့ ရိုက်ခေါ်ခြင်းကို ခံရတာပါပဲ။ ဒီလိုနဲ့ ကြက်ဥအလွန်ပေါပြီး၊ ဘဲဥ မရှိသလောက်ရှားတဲ့
ချော့ကလက်ကျွန်းဆီကို ကျနော် ပြန်ခဲ့ရပါတယ်။

" ဖေဖေ... ချစ်လား? မေမေ... ချစ်လား? " ဆိုတဲ့ အသံလေးတွေ...
ကျနော်က " ချစ်တာပေါ့ သမီးလေးရယ်။ သမီးလေးကရော ဖေတို့မေတို့ကို ချစ်လား? " လို့ ပြန်မေးလိုက်တဲ့အခါ... " ချစ်ပါ... ... ... ဘူး။ " ဆိုပြီး၊ သံရှည်လေးဆွဲလို့ မချိုမချဉ် ဖြေတဲ့ဟန်လေးတွေ ဟိုးအဝေး ဝေးမှာ... ... ... ။

*** *** *** *** *** *** *** *** *** *** *** ***

ခေတ်စနစ်တွေ ပြောင်းလဲတိုးတက်ခြင်းရဲ့ ပြယုဂ်တစ်ခုအဖြစ် မိုင်ထောင်ချီတဲ့ အဝေးက ကျနော့်ဘဝ ရှင်သန်ခြင်းတွေကို လက်ငင်းမုချ မြင်တွေ့ခွင့်ရပါတယ်... အသံလေးတွေ ကြားခွင့်ရပါတယ်။ ကျနော့်နှလုံးသားနဲ့ စကားပြောဖြစ်တိုင်း
(များသောအားဖြင့်) သမီးလေးက ဘေးမှာ ကစားနေတာ တွေ့ရပါတယ်။ ကျနော်က " သမီးလေးရေ... သမီးလေးရေ... " လို့ ခေါ်လိုက်တဲ့အခါ ခဏလောက် လှမ်းကြည့်ပြီး၊ ပြန်ဆော့နေပါတယ်။ သူ့အသိထဲမှာတော့ ကွန်ပြူတာဖန်သားပြင်ပေါ်က လူကြီးကို မြင်ဖူးသလိုလို ရှိသလိုပဲပေါ့။ ကျနော်က " Honey... ငါ့သမီးလေးက ငါ့ကို မေ့သွားပြီနော်... ... ...။ " လို့ ပြောတော့ " ကလေးက တအားငယ်နေတာကိုး... ကိုကိုရဲ့။ တဖြည်းဖြည်း သူ သိလာမှာပါ။ " ဆိုပြီး၊ ဖြေသိမ့်ပေးရှာတယ်။

ကံကြမ္မာရဲ့ အလှည့်ပေးဖေးမမှုကို ကျနော် ခံစားရရှိခဲ့ပါတယ်။ အတူတူလှုပ်ရှား
သွားလာခဲ့တဲ့ မှတ်တမ်းလေးတွေ ပြန်မြင်...၊ နောက် Online မှာ ခဏခဏ မြင်တွေ့နေရခဲ့ ကျနော့်ရုပ်လွှာ... အားလုံးကို ဆက်စပ်တွေးမိပြီး၊ ကျနော်ဟာ သူ့ရဲ့အဖေ... ဆိုတာ သူ ကောင်းကောင်း သိနားလည်သွားပါပြီ... ... ...။

*** *** *** *** *** *** *** *** *** *** *** ***

(၂၀၀၉)ရဲ့ ဖေဖော်ဝါရီဆန်းစမှာ ကြိုတင်စီစဉ်မထားဘဲ ကျနော် အမိမြေကို
ရောက်သွားရပြန်ပါတယ်။ ပထမအကြိမ်တုန်းက လေယာဉ်ကွင်းမှာ လုံးဝ အချီမခံခဲ့တဲ့ သမီးလေးဟာ (၂)နှစ်၊ ကိုးလအရွယ်မှာ အဖေကိုမြင်တာနဲ့ လည်ပင်းကို ကျစ်နေအောင် ဖက်ထားလိုက်တာဟာ အသက်ရှူရခက်သွား
လောက်တဲ့အထိပါပဲ။ ကျနော်သိလိုက်တယ်... ... ... (ငါ့သမီးလေးဟာ ငါ့ကို လိုအပ်နေပြီ... လို့)။

အထီးကျန် နေခဲ့ရတဲ့ နေ့ရက်တွေတိုင်းဟာ ရှည်လျားလွန်းလှပေမယ့် မိသားစုနဲ့ အတူနေခွင့်ရတဲ့ (၂၆)ရက်တာ ကာလလေးဟာ မြန်မြန်ဆန်ဆန်ကြီး ပြီးဆုံးသွား
သလိုပါပဲ။ အိမ်ပြန်ခရီးမှာခြေထောက်တွေက မြေကြီးနဲ့မထိသလောက်ကို
ပေါ့ပါးသွက်လက်နေပြီး၊ ခွဲခဲ့ရတိုင်းမှာခြေလှမ်းတွေတိုင်းဟာ လေးလံ၊
နှေးကွေးနေပါတယ်။ ပြန်ရမယ့်ရက် နီးလာတဲ့အခါ ညတွေမှာ ကျနော် အိပ်မပျော်တော့ပါဘူး။ အဲဒီ့ညတွေဆိုရင် အိပ်ပျော်နေပြီဖြစ်တဲ့ ကျနော့်နှလုံးသားနဲ့ သမီးလေးတို့ကို တမေ့တမောကြီး ထိုင်ကြည့်နေတတ်ပါတယ်။

ခွဲခွါချိန်ရဲ့ လေယာဉ်ကွင်းခံစားမှုကို ကျနော် မကြိုက်ပါဘူး။ လုံးဝခါးသီး စက်ဆုပ်ပါတယ်။ အဲဒီ့အတွက် သမီးလေးကို လေယာဉ်ကွင်းမခေါ်တော့ဘဲ အိမ်မှာပဲ ပြန်မယ့်အချိန်မတိုင်ခင် ခပ်စောစောကြိုပြီး သိပ်ထားခဲ့ပါတယ်။ ခန္တာကိုယ်ကြီးကသာ လေယာဉ်ကွင်းကို ရွေ့နေရပေမယ့် စိတ်တွေက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သမီးလေးဆီမှာ ကျန်နေခဲ့ပါပြီ...။
လေယာဉ်ပေါ်တက်ကာနီး ဖုန်းဆက်တော့ ကျနော့် ဆည်းလည်းလေးရဲ့အသံကို ကြားခွင့်ရလိုက်ပါသေးတယ်။ အမြဲတမ်းလိုလို... ညနေစောင်းသည်အထိ အိပ်ပျော်တတ်တဲ့ သမီးငယ်လေးဟာ အဲဒီ့နေ့က အစောကြီး ပြန်နိုးလာပါတယ်။ (မတော်လို့များ သမီးလေး နိုးနေခဲ့ရင်... ဆိုတဲ့ အတွေးနဲ့ ကျနော့်နှလုံးသားကို စောစောပြန်လွှတ်လိုက်တာ အတော် ဖြစ်သွားပါတယ်။)
" ဖေဖေက စင်္ကာပူကိုသွားတာ သမီးကိုမှ ခေါ်မသွားတာကိုး... " ဆိုတဲ့ ငိုမဲ့မဲ့အသံလေး...။
ကျနော် ဘာတတ်နိုင်ပါလဲ...? ဘာလုပ်ပေးနိုင်ပါသလဲ...?
" သမီးရယ်... သမီးလေးရယ်... ။ " လို့ပဲ ကျနော့်နှုတ်က ထွက်ကျလာနိုင်
ပါတော့တယ်။

အဲဒီ့တစ်ခဏမှာ (အဲဒီ့တစ်ခဏဟာ...) ကျနော့်အတွက် သိပ်ကို ခက်ခဲပင်ပန်း
လွန်းနေတယ်။ လူတစ်ကိုယ်လုံးဟာ မွှန်ထူပြီး၊ မွန်းကျပ်လို့လာတယ်။
" ဖေဖေ့ကို မချစ်ဘူး။ ပြန်လာခဲ့... အီး ဟီးဟီး "
ဆိုတဲ့အချိန်မှာတော့ ကျနော် ဘယ်လိုမှ မျက်ရည် ထိန်းမရတော့ပါဘူး။ အဲဒီအချိန်မှာ ကျနော်ဟာ စင်္ကာပူလည်း မပြန်...၊ ဗမာပြည်မှာလည်း မနေ...၊ သမီးလေးဆီ ပြေး၊ သမီးလေး ပွေ့ပြီး၊ သိခြင်း၊မသိခြင်းတွေရဲ့အဝေး၊ ရှိခြင်း၊မရှိခြင်းတွေရဲ့အဝေး... အားလုံး အားလုံးရဲ့အဝေးကို ပြေးထွက်သွားချင်စိတ် ဖြစ်မိတဲ့အထိပါ။ ဒါပေမယ့် ကျနော် တကယ် လုပ်ဖြစ်သွားတာက... လူသူ ကင်းလွတ်တဲ့တစ်နေရာမှာ အားအင်တွေ ကုန်ခမ်းသွားလောက်အောင် အော်ဟစ်၊ အားရပါးရ ငိုချပစ်လိုက်တာပါပဲ... ... ...။

*** *** *** *** *** *** *** *** *** *** *** ***

ဒီတစ်ခါတော့ သမီးလေးက Online မှာ အဖေဖြစ်သူနဲ့ စကားတွေ ပြောလာပါပြီ။ ပြောတိုင်းလည်း... " ဖေဖေက အဲဒီမှာ ဘာလုပ်နေတာလဲ...? " " ဖေဖေ ပြန်လာတော့လေ...။ " ဆိုတာတွေ အမြဲ ပါပါတယ်။ ကျနော်က " ဖေဖေက သမီးပိုက်ဆံတွေ လာယူပေးနေတာ သမီးလေးရဲ့။ ဒီမှာ... သမီးလေးရဲ့ ပိုက်ဆံတွေက အများကြီးပဲ။ " လို့ ပြန်ဖြေရတယ်။ နောက်အခေါက်တွေမှာ...
" ပိုက်ဆံတွေ အများကြီးရှိနေပြီ။ ပြန်လာတော့လေ... ဖေဖေရဲ့။ " လို့ ပြောပြန်ပါတယ်။
ကျနော်က " ငါ့သမီးလေး... ငါ့ကို လွမ်းနေပြီ Honey " လို့ ပြောတော့
" အေးကွယ်။ မီးကိုလဲ... ဖေဖေက ဘယ်တော့ပြန်လာမှာလဲ...? "
" ဖေဖေကလည်း ကြာလိုက်တာ... လို့ အမြဲပြောတယ်။ " ဆိုပြီး ညည်းပြောလေး ပြောပါတယ်... ... ...။

လူရယ်လို့ မပီပြင်သေးခင် အမိဝမ်းတွင်းထဲမှာ လေးလကျော် ငါးလသား
အရွယ်ထဲက ဝေးကွာခဲ့ရတဲ့ ဒီသမီးလေး... ... ... လူ့လောကအတွင်း စတင်ချဉ်းနင်းဝင်ရောက်စဉ်အခါက ကျနော် အနားမှာ ရှိမနေနိုင်ခဲ့ဘူး။
နောက်... မွေးနေ့တွေမှာလည်း ကျနော် သမီးလေးအနားမှာ ရှိမနေခဲ့ပါဘူး။ ဒီနှစ်... သမီးလေးရဲ့ လေးနှစ်ပြည့်မွေးနေ့မှာ သမီးလေးအနား
ရောက်အောင်သွားမယ်... လို့ ယတိပြတ် ဆုံးဖြတ်ထားခဲ့တယ်။ ဆုံးဖြတ်ထားတဲ့အတိုင်း သမီးလေးမွေးနေ့နားနီးတော့ သမီးလေးဆီကို ကျနော် အပြေးပြန်သွားပါတော့တယ်...။

ကျနော့်ရဲ့ နောက်... ဆုံးဖြတ်ထားတာတစ်ခု။ လွန်ခဲ့တဲ့ လေးနှစ်ကျော် ကျနော် Oversea ခရီးစဉ် စတင်ချိန်တည်းက... " ငါ့အမေ၊ ငါ့နှလုံးသား၊ ငါတို့ရဲ့ မျိုးဆက်ကလေး... သူတို့တွေကို တစ်နေ့... နိုင်ငံခြား ရောက်အောင်ခေါ်မယ်။ " ဆိုတာပါပဲ။ အဲဒီ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ အချိန်ဟာ ရောက်ရှိလာပါပြီ... ... ...။

*** *** *** *** *** *** *** *** *** *** *** ***

ဒီတစ်ခေါက်... ဗမာပြည်က အပြန်ခရီးမှာတော့ ကျနော် မငိုရတော့ပါဘူး။ မငိုရတဲ့အပြင် မြင်နိုင်ရင် ကျနော့်မျက်နှာတစ်ခုလုံး အပြုံးတွေ ဖုံးလွှမ်းနေတာ တွေ့ရပါလိမ့်မယ်။ " Once A Life Trip " ဟာ 3rd of June မှာ စပါတယ်။ လေယာဉ်ပေါ်မှာ ပုတီးကို လက်က မချတော့တဲ့ အမေ့ကိုလည်း မမေ့ပါဘူး။ လေထဲမှာရှိနေတဲ့ နှစ်နာရီခွဲသာသာ အချိန်ကို
ကော်ဖ်ီတစ်ခွက်တည်းနဲ့ ပြီးဆုံးသွားစေတဲ့ ကျနော့်နှလုံးသားကိုလည်း မမေ့ပါဘူး။ အားလုံးထဲမှာ Steady အဖြစ်ဆုံးကတော့ လေယာဉ်ပေါ်မှာ
ကျွေးသမျှ စားလိုက်သောက်လိုက်၊ TV ကြည့်လိုက်၊ စောင်ခေါင်းမှီးခြုံပြီး အိပ်လိုက်... လုပ်နေခဲ့တဲ့ သမီးငယ်လေးပါပဲ။

စိတ်ကူးတွေ လက်တွေ့ဖြစ်လာခဲ့ပါပြီ...။
ဒီရေ၊ ဒီမြေ၊ ဒီပတ်ဝန်းကျင်မှာ ကျနော့်ဘဝ ရှင်သန်ခြင်းတွေနဲ့ အတူနေခွင့်၊ သွားလာလည်ပတ်ခွင့်ရပါပြီ။ ဒီအတောအတွင်း... အလုပ်ကနေ အိမ်ပြန်တိုင်း ခြေလှမ်းတွေဟာ အပြေးတစ်ပိုင်းပါပဲ။ Bus ကားဂိတ်က လှမ်းလာတဲ့ အဖေဖြစ်သူကို မြင်လိုက်တာနဲ့ သမီးလေးဟာ တအားပြေးပြီး လာကြိုတတ်ပါတယ်။ ကျနော် ညဥ့်နက်မှ ပြန်နိုင်တဲ့နေ့တွေမှာ... " သမီး မအိပ်သေးဘူးနော်။ ဖေဖေ့ကို သွားကြိုမလို့ " လို့ ပြောသတဲ့။ ဒါပေမယ့် ကျနော် တကယ်ပြန်ရောက်ချိန်မှာတော့ သမီးလေးက အိပ်ပျော်နေပါပြီ။

ဒီရက်တွေမှာ ကျနော် အရမ်းပျော်နေပါတယ်။ အလုပ်ဖွင့်ရက်တွေမှာ အပြေးအလွှား အလုပ်သွားလုပ်လိုက်၊ ပိတ်ရက်တွေမှာ မိသားစုနဲ့အတူ အပြင်ထွက်လည်ပတ်လိုက်... အခုမှ လူအစစ်တစ်ယောက် အဖြစ်ကို ရရှိသွားသလို... ... ...။

မိသားစုတွေအတူရှိနေတာ ကျေနပ်ရပေမယ့် အခြားတစ်ဖက်မှာတော့
နေ့စဉ်နဲ့အမျှဆိုသလို ပိုက်ဆံတွေ တဖြောဖြော ထွက်နေတာကို နှမြောတဲ့
ကျနော့်စိတ်နဲ့ ကျနော် ရန်ဖြစ်နေရပါတယ်။ နှစ်လဆိုတဲ့ ကာလမှာ
EZ Link Card ထဲကို တစ်ယောက်ထဲရှိစဉ်က တစ်လမှတစ်ကြိမ် ထည့်တဲ့ ငွေ Amount ရဲ့ အဆနှစ်ဆယ်လောက် ထည့်ခဲ့ရတယ်။ အရင်အချိန်တွေတုန်းက မဝယ်မဖြစ် ဈေးအသုံးစရိတ်ကလေး ထုတ်ရတာတောင် စိတ္တဇဖြစ်နေခဲ့တာ... တစ်ယောက်ထဲ တနှစ်လောက် ကောင်းကောင်းနေကောင်းကောင်းစားရင်တောင် မကုန်နိုင်တဲ့ ငွေပမာဏဟာ နှစ်လအတွင်း ကြက်ပျောက်ငှက်ပျောက် ဆိုသလိုပါပဲ။ ဒါပေမယ့် သူတို့တွေ ပျော်နေတာမြင်ရတော့ ကျနော် ကြည်နူးပီတိဖြစ်ရပါတယ်။

ရည်မှန်းဆုံးဖြတ်ထားခဲ့မှုတစ်ခုကြောင်သာ သူတို့တစ်တွေကို မဖြစ်မနေ အလည်ခေါ်ရတာပါ။ ခဏခဏ ခေါ်ရလောက်အောင် ကျနော် ပိုက်ဆံမဖြုန်းနိုင်ပါဘူး။ နောက်တစ်ခေါက်ဆိုတာမျိုးတောင် ကျနော် မတတ်နိုင်တော့ပါဘူး။ တကယ့်ကို " တစ်သက်မှ တစ်ခါ " ဆိုတဲ့ခရီးပါ။ ... ဆိုတော့ အမှတ်တရပုံရိပ်ကောင်းလေးတွေ ရချင်ပါတယ်။ ခက်တာက... ဓါတ်ပုံရိုက်မယ်ဆိုရင် သမီးလေးက ကောင်းကောင်းမနေတော့ပါဘူး။ နှစ်ပုံ၊ သုံးပုံလောက်ဆိုရင်ပဲ ထွက်ပြေးရင် ထွက်ပြေး၊ ဒါမှမဟုတ်ရင် တအားငိုချပစ်
တတ်ပါတယ်။ အဲလိုမှမဟုတ်ရင်လည်း သူနေချင်သလို နေတော့တာပါပဲ။ အဲဒီ့အခါမျိုးတွေမှာ ကျနော့်နှလုံးသားက စိတ်မရှည်ဘဲ ရိုက်ချင်ပါတယ်။ ကျနော်က " ငါ့သမီးလေးကို ငါ့ရှေ့မှာတော့ မရိုက်ပါနဲ့ Honey ရယ်။ " လို့ ဆူရပါတယ်။ တစ်ခါတစ်ခါ... အဲဒီသူနေချင်သလို နေတာလေးတွေကပဲ ပိုပြီးလှုပ်ရှားသက်ဝင်တဲ့၊ သဘာဝကျတဲ့ ပုံရိပ်လေးတွေ ဖြစ်စေခဲ့ပါတယ်။ " ငါ့သမီးလေးက မင်းထက်ပိုပြီး Talent ရှိတယ်... Honey " ဆိုပြီးပြောတော့ " အေးပါ။ အေးပါ။ မင်း ကျေနပ်ရင် ပြီးတာပါပဲ " လို့ ပြုံးပြီး၊ ပြန်ပြောပါတယ်။

S' မှာ ကျနော် ရှိနေသမျှ လုံးဝမသွားဘူးလို့ ဆုံးဖြတ်ထားတဲ့တဲ့နေရာ နှစ်နေရာ
ရှိပါတယ်။ တစ်ခုက လေယာဉ်ကွင်း၊ နောက်တစ်နေရာက Geyland ပါ။ Geyland... ဘယ်လိုနေရာဆိုတာ S' မှာ ရောက်နေတဲ့ ဗမာ(ယောင်္ကျား) တိုင်းလိုလို သိကြပါတယ်။ အဲဒီ့အတွက် ကျနော် မသွားပါဘူး။
နောက်... လေယာဉ်ကွင်းကိုလည်း ကျနော့် အိမ်ပြန်ခရီးအတွက်ကလွဲရင် ကျနော် မသွားပါဘူး။ လေယာဉ်ကွင်းရောက်ရင် ကျနော့် ရင်ဘတ်က မကောင်းပါဘူး။ ဒီအကြောင်းနဲ့ပတ်သက်ပြီး၊ ဟိုကောင် KKS က... " ငါကတော့ အဲဒီလိုတွေ မခံရအောင် ခဏခဏ သွားပစ်လိုက်တယ်။ " လို့ ပြောပါတယ်။ KKS ဟာ KKS ပါပဲ။ ကျနော်ဟာ ကျနော်ပါပဲ။ စိတ်တူကိုယ်တူသူငယ်ချင်းဆိုရင်တောင် ခံစားချက်တွေက မတူနိုင်ပါဘူး။ အခုတော့... ကျနော် မသွားဖြစ်အောင် ရှောင်ရမယ့်နေရာတွေ
တော်တော်များသွားပါပြီ။ အဲဒီ့နေရာတွေ ပြန်ရောက်သွားရင် ကျနော် ရပ်တည်နိုင်စွမ်းမရှိမှာ...၊ လဲပြိုသွားမှာ... စိုးပါတယ်။ မလွှဲသာမရှောင်သာ ရောက်နေရဦးမယ့် နှစ်နေရာကတော့ ဗမာဘုရားကျောင်းနဲ့ ရွှေဗမာတို့ရဲ့ ဘူမိနက်သန် " ကျွန်းဆွယ် " ပလာဇာကြီးတို့ပါပဲ။

ကျနော်တို့ရဲ့သမီးလေးဟာ အသက်အရွယ်နဲ့မလိုက်အောင် ပါးနပ်လိမ္မာ၊ တတ်သိလွန်းပါတယ်။ ပြန်ရမယ့်ရက်ဟာလည်း တဖြေးဖြေး နီးကပ်လာပါပြီ။ တစ်ရက်မှာ...
" ဖေဖေ သမီးကို အိမ်အောက်က ကစားကွင်းမှာ ဓါတ်ပုံရိုက်ပေး... "
ဆိုပြီး၊ လက်ကဆွဲခေါ်သွားလို့ " အေး အေး... သမီးလေး " လို့ ပြော၊ Hand phone လေး ကောက်ကိုင်ပြီး၊ နောက်က အပြေးလိုက်ရပါတယ်။ စိတ်ရှည်လက်ရှည်...၊ အဖေ စိတ်တိုင်းကျသည်အထိ ဓါတ်ပုံတွေ အရိုက်ခံပါ
တော့တယ်။ ကြာလာတော့ (ဓါတ်ပုံရိုက်နေရင်းက) " နှစ်ရှည်လများ ခွဲရဦးမယ်ဆိုတာ ကြိုသိနေရော့သလား သမီးလေးရယ်...။ " လို့ တွေးမိပါတယ်။ ကျနော် ဗမာပြည်ကို ခွင့်မပြန်စဉ်က " ဒီတစ်ခါ ဖေဖေ ပြန်လာရင်
ပြန်မလွှတ်တော့ဘူး။ " ဆိုပြီး ပြောသတဲ့။ ကျနော့်နှလုံးသားက " ဟယ် အဲလိုတော့ မလုပ်ပါနဲ့ သမီးလေးရယ်.. ဖေဖေ ပြန်ရင် မေမေတို့လည်း လိုက်သွားမှာလေ " လို့ ပြောကာမှ " သြော်... အဲဒီလိုလား...? " ဆိုပြီး ဖြစ်သွားပါသတဲ့။

တစ်ရက်ထက်တစ်ရက် သမီးလေးက ကျနော့်အနား ပိုကပ်လာသလို ကျနော်ကလည်း သမီးလေးကို တစ်ကြည့်ကြည့် ပိုဖြစ်လာပါတယ်။ ကျနော်တို့နှစ်ယောက်အခြေအနေကို ရိပ်စားမိလာတဲ့ ကျနော့်နှလုံးသားက
" သမီး... မေမေတို့ပြန်ရင် ဖေဖေက နေခဲ့ဦးမှာနော်။ အလုပ်တွေပြီးမှ နောက်က လိုက်လာမှာနော် " လို့ ပြောပါတယ်။ သမီးလေးက ဘာမှပြန်မပြောဘဲ ကျနော့်ကိုပဲ လှမ်းကြည့်ပါတယ်။

အချိန်တန်တော့ Visa သံချောင်းကြီးက ခေါက်ပါပြီ။ အပြုံးတွေနဲ့ စခဲ့တဲ့ခရီးကို အပြုံးတွေနဲ့ပဲ အဆုံးသတ်နိုင်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် အဲဒီ့အပြုံးတွေဟာ ဘယ်လိုမှ အသက်မပါကြတော့ဘူး။ သူတို့တစ်တွေအတွက် အိပ်မက်တစ်ခုလို အချိန်ပိုင်းလေးမှာ အိပ်မက်ထဲက အရပ်ဒေသတစ်ခုကို ရောက်ခဲ့သလို ခံစားကြရမှာပါ။ ဒါပေမယ့်... ဒီမှာ ရှိနေခဲ့တဲ့ နှစ်လတာ ကာလလေးကို သူတို့ဘဝတစ်သက် မေ့နိုင်တော့မယ် မထင်ပါဘူး...။

ပြန်မယ့်နေ့မတိုင်ခင် ည...
ကျနော်က လှုပ်ရှားသွားလာခဲ့တာလေးတွေကို အမှတ်တရအခွေ လုပ်နေပါတယ်။
ကျနော့်အမေနဲ့ ကျနော့်နှလုံးသားကတော့ နေ့ပိုင်းမှာ ပြေးလွှားဝယ်ခြမ်း၊ ထုတ်ပိုး၊ သိမ်းဆည်းကြရတာတွေနဲ့ ပင်ပန်းသွားဟန် တူပါတယ်။ ခပ်စောစောပဲ အိပ်ရာဝင်ကြပါတယ်။
ညဥ့်တော်တော်နက်နက်သည့်တိုင်အောင် မအိပ်ဘဲ ကျနော်နဲ့အတူ ရှိနေသူ
တစ်ယောက်ကတော့ ကျနော့်ရဲ့ ချစ်လှစွာသော သမီးငယ်လေးပါပဲ။
ကျနော်က " သမီးလေး အိပ်တော့။ " လို့ ပြောတဲ့အခါ " ဖေဖေနဲ့မှ တူတူအိပ်မယ်။ " ဆိုပြီး၊ ပြန်ပြောပါတယ်။ ခဏလောက်နေတော့...
" သမီးလေး အိပ်တော့နော်။ ဖေဖေက အိပ်လို့မရသေးဘူး။ ဒီမှာ အခွေလုပ်နေတာ မပြီးသေးဘူး။ " လို့ ကျနော်ပြောတော့ " ဟင့်အင်း။ ဖေဖေနဲ့မှ အိပ်မယ်။ " လို့ ပြန်ပြောပါတယ်။ နည်းနည်းကြာလာတဲ့အခါ သမီးလေးက
ရင်ခွင်ထဲ ဝင်ထိုင်ပါတယ်။ အဖေဖြစ်သူကို မော့ကြည့်ပြီး၊ " မိုးတော်တော်ချုပ်
နေပြီ။ အိပ်ကြမယ်လေ ဖေဖေရဲ့  " လို့ ပြောပါတယ်။ ကျနော်က
" အဲဒါကြောင့် သမီးလေးကို အိပ်နှင့်လို့ ပြောတာပေါ့။ ဖေဖေက ဒီမှာ အလုပ်မှ မပြီးသေးတာ။ ဘယ်လိုလုပ် အိပ်မလဲ...? " ဆိုတော့ ဘာမှ ပြန်မပြောတော့
ပါဘူး။ ခဏနေတော့ ကျနော့်ဂုတ်ပေါ် တက်ခွထိုင်ပါတယ်။ ပြူတင်းပေါက်က အပြင်ကို လှမ်းကြည့်ပြီး၊ " ဖေဖေ... မိုးလင်းတော့မယ်။ အိပ်ရအောင်နော် " ဆိုပြီး၊ ပြောရှာပါတယ်။ ကျနော်လည်း " ဒီည... ငါမှမအိပ်ရင် ငါ့သမီးလေးလည်း အိပ်မှာမဟုတ်တော့ဘူး။ " လို့ တွေးရင်း သမီးလေးပွေ့ချီပြီး၊ ဝင်အိပ်ရပါတော့
တယ်။ အဲဒီ့ည... အဖေကို ဖက်ခွပြီး၊ အိပ်သွားခဲ့တာဟာ မနက်မိုးလင်းလို့ ကျနော်နိုးတဲ့အချိန်အထိ အဲဒီ့ပုံစံလေးအတိုင်းပါပဲ။

လေယာဉ်ကွင်းကို စောစောပဲ ထွက်လာခဲ့ကြပါတယ်။ ဒီတစ်ခါတော့ သူတို့က ချန်ခဲ့သူနဲ့ ကျနော်က ကျန်နေခဲ့ရမယ့်သူပါ။ နာရီလက်တံတွေကလည်း ခွဲခွါကြရဖို့ဆီ ခပ်ကြမ်းကြမ်း လှမ်းချီနေသလို ကျနော့်ရင်တစ်ခုလုံးဟာလည်း...။

အမေ့ကို ကန်တော့ပါတယ်။ "ငါ့သားကြီး ဘုန်းကြီးပါစေ။ သက်ရှည်ကျမ်းမာ
ပါစေ။ အလုပ်မှာလည်း အန္တရာယ်ကင်းစွာနဲ့ အစစ အဆင်ပြေ၊ အောင်မြင်
တိုးတက်ပါစေ။ " စသည်ဖြင့် ဆုတွေ အများကြီး ပေးနေပါတယ်။ ကျနော်က
" သား လိုချင်တာ အဲဒီ့ဆုတွေ မဟုတ်ဘူး... အမေ " လို့... စိတ်ထဲက ပြောဖြစ်ပါတယ်။ အမေကလည်း (သားဖြစ်သူရဲ့ စိတ်ကို သိနေတဲ့အလား...) နွမ်းလျနေတဲ့ သားမျက်နှာကို သေသေချာချာကြည့်ပြီး၊
" ငါ့သား လိုတဲ့ဆန္ဒ တစ်လုံးတစ်ဝတည်း ပြည့်ပါစေသားရယ်။ " လို့ ဖြေးဖြေးချင်း ဆုပေးပါတယ်။ ကျနော်ကလည်း " အမေ... ပေးတဲ့ဆုကို အမြန်ဆုံး ပြည့်ပါရစေ အမေရယ်။ " လို့ ပြန်ဆုတောင်းမိပါတယ်။

အချိန်နည်းနည်းကြာတော့ သမီးလေး လှုပ်လာပါပြီ။ သူ မငြိမ်နိုင်တော့ပါဘူး။
" ဘာလုပ်နေတာလဲ...? ဝင်ကြမယ်လေ။ သွားကြမယ်လေ။ " ဖြစ်လာပါတယ်။ အမေဖြစ်သူက " နေပါဦး သမီးလေးရယ်။ မေမေတို့ ဝင်သွားရင် ဖေဖေက လိုက်ဝင်လို့မရဘူး။ ဖေဖေက အပြင်မှာ နေခဲ့ရတော့မှာ...။ ဖေဖေ့အတွက် ဒီမှာ ခဏနေပေးကြရအောင်နော်။ " လို့ ပြောပါတယ်။ အဲဒီမှာ ပြဿနာစတာပါပဲ။

သူက ခါတိုင်းလို အားလုံး သွားအတူတူ၊ ပြန်အတူတူ... ဆိုသလို ထင်ထားပုံရပါတယ်။ ခုတော့...
အဖေရဲ့  လက်ကို လာဖမ်းဆုပ်ပါတယ်။ အဖေရဲ့ မျက်နှာကို မော့ကြည့်
နေပါတယ်။ အမေဖြစ်သူက...
" သမီးကို ဖေဖေ နောက်မှ လိုက်လာလိမ့်မယ်... လို့ မေမေ
ပြောထားတယ်နော်။ " ဆိုပြီး ပြောတယ်။ သူ့အမေကို လုံးဝ မကြည့်ပါဘူး။ ကျနော့်လက်ကိုသာ ပိုပြီး ဖက်တွယ်လာပါတယ်။ ဘေးမှာ ရှိနေတဲ့ အဖွားဖြစ်သူက " မြေးလေး... အဲဒီလို မဆိုးရဘူးလေ။ ဖေဖေ စိတ်မကောင်းဖြစ်နေမှာပေါ့။ " ဆိုပြီး ဖြောင်းဖျပါတယ်။ သမီးလေးက အသံတောင် မပြုပါဘူး။ ကျနော့်လက်ကိုသာ ပိုပြီး တင်းတင်း ဆုပ်ကိုင်၊
ကျနော့်ဆီကိုပဲ စူးစူးစိုက်စိုက် မျက်နှာမူထားပါတယ်။ ကျနော့်နှလုံးသားက " အခြေအနေမဟန်ဘူး။ ဝင်ကြတော့မယ်။ " ဆိုသလို မျက်ရိပ်မျက်ခြည် ပြပါတယ်။
 
Check-In Counter နားက မှန်တံခါးကြီးရှေ့ကို ရောက်လာကြပါပြီ။ ကျနော်ကတော့ သမီးလေးလှမ်းပြီး လက်ဆွဲထားလို့ ယက်ကန်ယက်ကန်နဲ့ ပါလာရပါတယ်။

" သမီး... "
 အမေဖြစ်သူက လေသံမာမာနဲ့ ခေါ်တယ်။
သူ့အမေဖက်ကို လှည့်တောင်မကြည့်ပါဘူး။
 " သမီးကို ဖေဖေ နောက်မှ... လို့ "
 " နောက်မှ မရဘူး။ အခုချက်ချင်း လိုက်မှရမယ်။ "
 သမီးလေးရဲ့ မဆိုင်းမတွ တုန့်ပြန်သံပါ။
အမေဖြစ်သူ စိတ်မရှည်တော့ဘူး။ ရိုက်မယ့်ဟန်ပြင်တယ်။
သူ့အဖွားက ရှေ့က ကာလို့...
 " မြေးလေးရယ်။ လာနော်။ ဖေဖေ့လက်ကို လွှတ်လိုက်တော့။ ဖေဖေ သနားပါတယ်။ "
 ဆိုပြီး၊ နှစ်သိမ့်ရင်း ခေါ်တယ်။
တုပ်တုပ်မှ မလှုပ်ပါဘူး...။
သမီးလေးရှေ့မှာ ကျနော် အသာအယာ ထိုင်ချလိုက်ရင်း...
 " ဖေဖေ့ အလုပ်တွေက မပြီးသေးဘူး... သမီးလေးရဲ့။ အလုပ်တွေ ပြီးတာနဲ့ ဖေဖေ လိုက်လာမယ်လေ။ " ဆိုတော့...
" အဲဒီအလုပ်တွေ ထားခဲ့။ ဖေဖေ အခုလိုက်ခဲ့။ " တဲ့။
ကျနော်က တစ်ဖက်လှည့်နဲ့...
" အခု လိုက်လို့ မရဘူး... သမီးလေးရဲ့။ လေယာဉ်လက်မှတ်က သမီးရယ်၊ မေမေရယ်၊ ဖွားဖွားရယ် အတွက်ပဲ ဝယ်ထားတာ။ ဖေဖေ့အတွက် လက်မှတ် ဝယ်မထားဘူး။ " လို့ ပြောလိုက်တဲ့အခါ...
နည်းနည်း တွေသွားတယ်။ ပြီးတော့...
" အဲဒါဆို ဖွားဖွားဒေါ်ကြည်ကြည် နေခဲ့။ ဖေဖေ လိုက်ခဲ့။ " ... တဲ့။
" အလိုတော်။ ညည်းက... ကျုပ်ကို။ " ဆိုရင်း သူ့အဖွား ရင်ဘတ်ဖိတယ်။
" ဖေဖေက ဒီမှာ အလုပ်လုပ်နေတာ သမီးလေးရဲ့။ ဖေဖေ အလုပ်လုပ်မှ သမီးလေး ပိုက်ဆံတွေ အမျာကြီးရမှာပေါ့။ "
" ပိုက်ဆံတွေ မလိုချင်ဘူး။ ဖေဖေ့ကိုပဲ လိုချင်တယ်။ "
" သမီးလေးက လိမ္မာပါတယ်။ သမီးလေး လှလှလေးတွေ ဝတ်ချင်တယ်... ဆို။ သမီးလေး လှလှလေးတွေ ဝတ်ဖို့ ဖေဖေ ပိုက်ဆံရှာရမှာပေါ့။ "
" လှလှလေးတွေ မဝတ်ချင်ဘူး။ ဖေဖေနဲ့ပဲ နေချင်တယ်။ " 
" သမီးလေး ပန်းသီးကြိုက်တယ်... ဆို၊ သမီးလေး ကျွဲရိုင်းသောက်မယ်... ဆို၊ စိန်ဂေဟာ ကစားကွင်းသွားချင်တယ်... ဆို "
" ပန်းသီးလည်း မစားတော့ဘူး။ ကျွဲရိုင်းလည်း မကြိုက်တော့ဘူး။၊ စိန်ဂေဟာ ကစားကွင်းလည်း မသွားတော့ဘူး။ ဖေဖေနဲ့ပဲ အတူ နေချင်တယ်။ ဖေဖေ လိုက်ခဲ့...။"
" အလုပ်လုပ်နေတာ ဘယ်လိုလုပ် လိုက်မလဲ... သမီးရယ်။ "
" အဲဒီအလုပ်ကိုထားခဲ့။ ဖေဖေ အခုလိုက်ခဲ့။ "

လေယာဉ်ချိန်က ကပ်သည်ထက် ကပ်လာပါပြီ။ သမီးလေးကလည်း ဇွဲမလျော့သေးပါဘူး။ ဘယ်လိုပဲ ချော့မော့ပြောပြော မရပါဘူး။ ကျနော့်မှာ ခွဲရချိန် တကယ်နီးလို့ ဝမ်းနည်းစိတ် ကြီးစိုးလာတာကတစ်ဖက်၊ သမီးလေး ဂျစ်တိုက်နေတာ မပြီးနိုင်သေးလို့ စိတ်ညစ်တာကတစ်ဖက်...။ ကြာတော့ အာရုံတွေ တအားနောက်ကျိလို့ လာပါတယ်။
နောက်ဆုံး... ... ...

" ချောချော... ဖေဖေ ရိုက်ရမလား...? "

ဒီအချိန်မှာ သမီးလေး ဘာပြန်ပြောလိုက်တယ် ထင်သလဲခင်ဗျာ။ ကျနော့်သမီးလေး ဘယ်လိုပြန်ပြောလိုက်တယ် ထင်ပါသလဲ...?

" ဖေဖေနဲ့ တူတူ နေရမယ်ဆိုရင် ရိုက်...။ " တဲ့။

ကျနော် ချက်ချင်း အံကြိတ်ပြီး မျက်နှာလွှဲလိုက်မိတယ်။
မျက်နှာလွှဲလိုက်ကာမှ ခိုးပြီး မျက်ရည်သုတ်နေတဲ့ သူ့အဖွားကို သွားမြင်ပါတယ်။
ရှေ့မှာလည်း ကျနော့်နှလုံးသားခမြာ မျက်ရည် ပိုးပိုးပေါက်ပေါက် ကျနေပါပြီ။

" မရိုက်ပါဘူး... သမီးလေးရယ်။ ဖေဖေ အသက်ရှင်နေသ၍၊ သမီးလေးကို ဘယ်တော့မှ မရိုက်ပါဘူး...။ "
.
.
.
.
.
" သွားပါတော့။ သွားပါတော့ သမီးလေးရယ်။ "

... လို့သာ တောင်းတောင်းပန်ပန် ဆိုလိုက်မိတော့တယ်။
သမီးလေးက ကျနော့်မျက်နှာကို ဆွဲတည့်ပါတယ်။ မျက်ဝန်းထက်က လျှံကျလုလု မျက်ရည်တွေကို သူ့လက်သေးသေးလေးနဲ့ သုတ်ပေးပါတယ်။

" ဖေဖေ မငိုနဲ့နော် "

ကျနော့်ကို ဖေဖေ မငိုနဲ့နော်... ဆိုတဲ့ သမီးလေးမျက်နှာမှာတော့ မျက်ရည်တွေ ရွှဲစိုနေပါပြီ။ နောက်... နာရီနဲ့ချီပြီး ဆုပ်ကိုင်ထားတဲ့ ကျနော့်လက်ကို သာသာညှင်းညှင်းလေး လွှတ်လိုက်ပါတယ်။ သူ့အမေလက်ကို လှမ်းဆွဲပြီး ဖြေးဖြေးချင်း ထွက်သွားပါတော့တယ်။ ခပ်ဝေးဝေးရောက်မှ လှည့်ကြည့်ပြီး၊ သူ့မျက်ရည် သူသုတ်ရင်း လှမ်းအော်ပြောလိုက်တယ်... ... ...

" ဖေဖေ မြန်မြန် လိုက်လာခဲ့နော်။ "

ကျနော် ဘယ်လိုမှ ဆက်ပြီး၊ တောင့်မထားနိုင်တော့ပါဘူး။ ငါ့သမီးလေးရှေ့မှာ ငါ လုံးဝမငိုဘူး လို့ တင်းထားသမျှဟာ... ... ... ... ... ... ... ... ...။

*** *** *** *** *** *** *** *** *** *** *** ***

ဒီနေ့... ကျနော့်မွေးနေ့ပါ။
ကျနော့်မွေးနေ့မှာ ကျနော့်ကို မွေးထုတ်ပေးခဲ့တဲ့ အမေ၊ ကျနော့်နှလုံးသား၊ ကျနော်တို့ မွေးဖွါးသန့်စင်ပေးခဲ့တဲ့ သမီးငယ်လေး... ကျနော့်ကို ချစ်တဲ့သူတွေ၊ ကျနော်က ချစ်တဲ့သူတွေ တစ်ယောက်မှ ကျနော့်အနားမှာ ရှိမနေကြတော့ပါဘူး။ မနက်စောစော ဘုရားတက်ပါတယ်။ ပြုပြုသမျှ ဒါနကုသိုလ်တွေ အမျှဝေပါတယ်။ " အရင့်အရင် ဘဝတွေက သူများမိဘနဲ့သားသမီး၊ သူများလင်မယားတွေကို ခဏခဏ ရှင်ကွဲခွဲခဲ့တဲ့ ဝဋ်ကြွေးတွေရှိခဲ့ရင် ဒီဘဝ (ခါးသီးလွန်းစွာ)
ပြန်လည်ပေးဆပ်ရသမျှနဲ့ အပြီးကျေပါစေ...။ နောင်ဘဝဆက်တိုင်းဆက်တိုင်း ကိုယ်ချစ်တဲ့သူတွေ... ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ အမြဲမခွဲ နေခွင့်ရတဲ့ဘဝ... "

အထူးသဖြင့်...

 " ရင်ကဖြစ်တဲ့ ရင်နှစ်သည်းချာ မျိုးဆက်ကလေးနဲ့ မွေးဖွါးစဉ်အချိန်ကစပြီး ရှင်သန်နေထိုင်သမျှ ကာလပါတ်လုံး အတူနေခွင့်ရတဲ့ဘဝ ဖြစ်ရပါလို၏။ "

... လို့ ဆုတောင်းပါတယ်။

April 28 က စခဲ့တဲ့ ကျနော့်ရဲ့ လူနဲ့တူတဲ့ဘဝဟာ 2nd of August, 1:35PM စင်္ကာပူလေယာဉ်ကွင်းမှာ တစ်ခန်းရပ်ခဲ့ရပြန်ပါတယ်။

ခုတော့ ကျနော် တစ်ယောက်တည်း ဖြစ်သွားပြန်ပါပြီ...။

ခုတော့ ကျနော် တစ်ယောက်တည်း...

ခုတော့ ကျနော်...

KKT

Mar 30, 2010

" 92395533 "

Year 2006, December 30... စနေနေ့
(အဲဒီ့နေ့က မိုး မရွာပါ။)
S' သက်တမ်း တစ်နှစ်စွန်းစွန်း ရှိလာတဲ့ အချိန်မှာ...
Phone ကိုင်တော့မယ်(ကိုင်ဖို့သင့်တယ် ဆိုတဲ့ အခြေအနေထက်လဲ ကျော်နေပါပြီ။) လို့ ဆုံးဖြတ်ပြီး၊
အဲဒီ့နေ့က... မနက်ပိုင်း သတင်းစာ ဝယ်ပါတယ်။
သတင်းစာထဲက Phone Line တွေရဲ့ Roadshow တွေကို ဖတ်ပါတယ်။
ကိုယ်တတ်နိုင်တဲ့ (သိပ်အညံ့ကြီးလဲ မဟုတ်တဲ့) Phone Brand, Model... ပြီးတော့ နံပါတ်... ... ...
အဲဒီမှာ ဒီနံပါတ်လေးကို ကျနော် စတင်တွေ့ရှိခဲ့ရတယ်။
တွေ့ တွေ့ချင်းပဲ မျက်လုံးထဲမှာ စွဲသွားတယ်။
နံပါတ်ရိုးရိုးရှင်းရှင်းလေး...၊ မှတ်မိလွယ်တဲ့ နံပါတ်လေး...
အဲဒီ့နေ့က... အဲဒီ့သတင်းစာကိုင်ပြီး... အဲဒီနံပါတ်လေးရှိတဲ့ Roadshow ကို ကျနော် သွားပါတယ်။
ကျနော့်ကို Phone Line Sponsor လုပ်ပေးတဲ့ ညီငယ် ကိုဇေယျာ(ဇေယျာလင်း)က Phone ဝယ်အပြီး နံပါတ်ရွေးခိုင်းတော့...
ကျနော်က " ကိုဇေယျာ... ကျနော် ဒီနံပါတ်ယူမယ်။ " လို့ တမဟုတ်ချင်းပဲ ပြောလိုက်တဲ့အခါ...
ကိုဇေယျာ ကျနော့်ကို ဇဝေဇဝါ ကြည့်တယ်။ (ဘယ်လိုပါလိမ့်! ဆိုတဲ့ အကြည့်မျိုး...၊ နားမလည်နိုင်တဲ့ အကြည့်မျိုး...)
နောက်... နံပါတ်ကို ကြည့်တယ်။ ပြီးမှ...
" နံပါတ်လေးက ကောင်းသားပဲ။ ယူချင်ယူလေ... ။ " လို့ ပြောပါတယ်။
ဒီလိုနဲ့ပဲ ဒီနံပါတ်လေး ကျနော့်ဆီကို ရောက်ရှိလာခဲ့ပါတာ...။

နေ့နေ့ညည၊ စက္ကန့်နဲ့ အမျှ၊ အချိန်တိုင်း ကျနော့်အနားမှာ...
စားလဲ အနား...၊ အိပ်လဲ အနား...၊ အလုပ်သွားလဲ ပါ...၊
ယုတ်စွအဆုံး... ကျနော် ဗမာပြည် ပြန်ပြီး၊ အနားယူတဲ့ အချိန်မှာတောင် ကျနော်နဲ့ အမြဲ၊ မခွဲအတူပါပဲ။
ကျနော့်ရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဆိုသလို ဖြစ်လာခဲ့ပါတယ်။

" TIME WENT BY. "

နေ့တွေ၊ ညတွေ၊ ရက်၊လ၊နှစ်တွေ ကုန်ဆုံးဖြတ်သန်းသွားခဲ့ပြီ...။
ဘယ်အရာမှ မတည်မြဲဘူး... ဆိုတဲ့ လောကနိယာမတရားလို... ကျနော်နဲ့ သူ့အတွက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။
ဒီအပြောင်းအလဲကို ဖန်တီးခဲ့သူက ကျနော်ကိုယ်တိုင်ပါ။
ဒါပေမယ့်... ဒီလို အဆုံးသတ်မှုမျိုးကို ကျနော် မလိုချင်ပါဘူး။
ဒီလိုမျိုး အဆုံးသတ်ရမယ်ဆိုရင်လဲ ဒီအပြောင်းအလဲကို ကျနော် လုံးဝဖန်တီးခဲ့မှာ မဟုတ်ဘူး။
အခန်းဖော် ညီငယ်တစ်ယောက်က အားပေးနှစ်သိမ့်ပါတယ်... " ကိုကျော်ရယ်... တရားသဘောနဲ့ မှတ်ပေါ့။ " ဆိုပြီး...
ကျနော်က " ငါ့အကြောင်း ငါသိတယ်... ငါ့ညီ။
ငါက ပထမဆုံးတွေဆို တအားမက်မောတာ။ ပထမဆုံးယူထားတဲ့ မိန်းမလေးတောင် ခုချိန်ထိ ဆက်ပေါင်းနေတာ ကြည့်... " လို့ ပြောတော့...
" အာ ဟာ ဟာ... ကိုကျော် တော်တော် နောက်တဲ့လူဗျာ။ " ဆိုပြီး၊ (အားရပါးရ) ရယ်ပါတော့တယ်။
ကျနော်က စကားကို တည်ကြည်စွာ အလေးအနက် ပြောလေ့ရှိပေမယ့် ကြားရသူတွေအတွက် တခါတလေ ပျော်စရာ၊ ရယ်စရာ၊ ဟာသတွေလိုလဲ ဖြစ်သွားတတ်ပါတယ်။
ကျနော့်အတွက်တော့ အထူးအဆန်း မဟုတ်တော့ပါဘူး...။
နောက်... ကျနော့် စိတ်၊ ကျနော့် ခံစားချက်၊ ကျနော့် အတွေးတွေ...
Dec 31th, 2006... ည တစ်ချက်ခွဲ [ဗမာအချိန် (၁၂) နာရီ]မှာ
သူ့ရဲ့ ပထမဆုံး Outgoing call အဖြစ် ဗမာပြည်က ကျနော့် နှလုံးသားကို
" Happy New Year! " လုပ်ပါတယ်။
ပြည်မှာ GTI ကျောင်းသားဘဝ... (၃) နှစ်တာ ကာလမှာ ကျနော့်အတွက် ညီအကိုရင်းလို သူငယ်ချင်း တစ်ယောက်ပဲ ရခဲ့ပါတယ်။
ဒီနံပါတ်လေးကို ပထမဆုံး Incoming call ရစေခဲ့သူကလဲ... (ဒီကျွန်းပေါ်ကို ကျနော့်ရှေ့ (၈)နှစ်လောက် စောရောက်တဲ့) အဲဒီ့ကောင် KKS ပါပဲ...။
ဒီလို... ဒီလိုလေးလုပ်ချင်တဲ့အတွက် ဖုန်းနံပါတ် ကြိုမပေးခဲ့တဲ့အကြောင်း... ရှင်းပြတောင်းပန်တော့...
" ရပါတယ်ကွာ။ ငါက မင်းကို သိနေတာကိုး။ " လို့ ခပ်အေးအေးပဲ ပြန်ပြောပါတယ်။
ဆိုလိုတာက... " ကျနော့်အကြောင်း...၊ ကျနော့်ရင်ဘတ်...၊ ကျနော် ဘယ်လိုကောင်... " ဆိုတာ သူ သိနေတဲ့အကြောင်း...။
ခု ဒီဖြစ်ရပ်လေးမှာဆိုရင်လဲ...
" ပိုရန်ကော " လို့... တွေးကြ၊ မြင်ကြဦးမှာပါ။
Brand ဆိုတာ အများကြီး ရှိပါတယ်။
Model ဆိုတာ အမြဲတမ်း ဆန်းသစ်နေမှာပါ။
အရေအတွက်ဆိုတာလဲ မရေတွက်နိုင်အောင်ပါပဲ။
နံပါတ်ဆိုတာကတော့ တစ်ခုတည်းပါ...။
စင်္ကာပူ တစ်ကျွန်းလုံးမှာ... တစ်ကမ္ဘာလုံးမှာ... တစ်ခုတည်းပါ။
ဘယ်တော့မှ မပြောင်းလဲဘဲ အမြဲတမ်း တစ်ခုတည်းပါ။
တကယ်တော့... ကျနော် ဒီကျွန်းပေါ်မှာ နေနေသမျှ ကာလပတ်လုံး သူ့ကို ကျနော်နဲ့အတူ ရှိနေစေချင်ခဲ့တာပါ။ အတတ်နိုင်ဆုံးလဲ ကျနော်နဲ့အတူ ရှိနေအောင် ကြိုးစားခဲ့ပါတယ်။
တစ်ယောက်တည်း နံပါတ်နှစ်ခု ကိုင်ရလောက်အောင် ကျနော် မချမ်းသာပါဘူး။ လိုလဲ မလိုအပ်ပါဘူး။
ဆက်သုံးမယ်ဆိုရင် သုံးလို့ရသေးတဲ့ Handset လေး... အဲဒီ Handset Upgrade လုပ်ချင်ရုံ ဆန္ဒလေးတစ်ခုတည်းနဲ့.. ... ...
ခုတော့...
အားလုံးလွန်သွားခဲ့ပါပြီ။ အကုန်လုံး ပြီးဆုံးသွားခဲ့ရပါပြီ။

ဒီရက်တွေမှာ ကျနော် ကောင်းကောင်းနေမကောင်းပါဘူး။
တစ်ရက်ထက်တစ်ရက် သူ့ကို စွန့်လွှတ်လိုက်ရဖို့ အချိန်တွေဟာ နီးကပ်လာတာနဲ့အမျှ...

Year 2010, March 30... အင်္ဂါနေ့
(ဒီနေ့ မိုးတွေရွာနေပါတယ်။)
မကြာခင် အချိန်အတွင်းမှာ... သူဟာ တိတ်တဆိတ်လေး ကျနော့်ဆီက ထွက်ခွါသွားပါတော့မယ်။
အချိန် အတိုင်းအတာတစ်ခုအထိ ငြိမ်သက်စွာ မှေးစက်နေရတော့မယ်...
အထီးကျန် အဖော်မဲ့စွာ နာကျင်ကြေကွဲနေရတော့မယ်...
ပျော်ရွှင်မှုတွေ ယူဆောင်ပေးခဲ့တယ်...
အမှတ်တရတွေ ဖန်တီးပေးခဲ့တယ်...
အောင်မြင်ခြင်းတွေ ဆောင်ကြဉ်းပေးခဲ့တယ်...။
ပိုင်ရှင်ပေါင်းများစွာ ရှိခဲ့ဖူးမှာပါ။
နောက်လဲ ကမ္ဘာ့မြေပုံပေါ်မှာ စင်္ကာပူကျွန်းကြီး ရှိနေသေးသ၍...
Starhub Company ကြီး မပျက်စီး၊ မပျောက်ဆုံးသေးသ၍...
အရှင်သခင်ပေါင်းများစွာ ရှိနေအုံးမှာပါပဲ။
ဒါပေမယ့် သူ့အပေါ် ကျနော့်ရဲ့ တွယ်တာမှုကိုတော့ ဘယ်သူမှ မှီနိုင်မှာ မဟုတ်တော့ပါဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီလူဟာ ကျနော် ဖြစ်နေလို့ပါပဲ...။

မမေ့ပါဘူး...
ဘယ်တော့မှ မမေ့နိုင်တော့ပါဘူး...။
နှုတ်ဆက်လိုက်ပါပြီ နံပါတ်လေးရေ... ... ...
တစ်သက်လုံးအတွက် တစ်ခါတည်းပါ...။
တစ်ခွန်းတည်းပါ...။

" Good bye! 92395533 "

KKT

Mar 13, 2010

" ချစ်သူနှိုးမှ နိုးစေသတည်း... "

ဒီကဗျာလေးဟာ... ကျနော် ကောင်မလေးတစ်ယောက်ကို ပေးတဲ့ မွေးနေ့လက်ဆောင်ပါ။ ကျနော် အဲဒီ့ကောင်မလေးကို မွေးနေ့လက်ဆောင်လေးတွေ တော်တော်များများ ပေးဖူးပါတယ်။ ကျနော် ပေးခဲ့သမျှ မွေးနေ့လက်ဆောင်တွေဟာ ပိုက်ဆံနဲ့ တန်ဖိုးဖြတ်ရင်တော့ ဘာတစ်ပြားမှ မတန်ပါဘူး။ ဒါပေမယ့် ကျနော့် မွေးနေ့လက်ဆောင်လေးတွေကို ကမ္ဘာပေါ်က ဘယ်အရပ်ဒေသမှာမှ... ဘယ်နိုင်ငံသုံးငွေကြေးနဲ့မှ... ဘယ်လောက်ပေးပေး... ပေးဝယ်လို့ ရမှာ မဟုတ်ဘူး။ ဥပမာ... သူ့ရဲ့ အသက်(၃၀)ပြည့်မွေးနေ့မှာ သူ့ဓါတ်ပုံလေးကို အကြိမ်(၃၀) နမ်းပြခဲ့သလိုမျိုးပေါ့။ (လူကတော့ နမ်း... မရတော့ဘူး။ မိုင်ပေါင်း (၁၂၀၀)နီးပါး အဝေးကို ရောက်နေခဲ့ရပြီ။) အဲဒီ့ကောင်မလေးခမြာမှာလဲ မွေးနေ့လက်ဆောင် ရပြီးတဲ့အခါတိုင်း " ကိုကိုရယ်... မင်း မွေးနေ့လက်ဆောင်ကြီးကလဲ...! " ဆိုပြီး ဖြစ်သွားမြဲပါပဲ။ ဒါပေမယ့်... အဲဒီ့အခြားတစ်ဖက်မှာ ကျနော့် မွေးနေ့လက်ဆောင်လေးတွေကို သူ ဘယ်လိုမှ... ဘယ်တော့မှ... မမေ့နိုင်တော့ပါဘူး။ အခုလဲ မွေးနေလက်ဆောင်လေးတစ်ခုရဲ့အချိန်ဟာ ကျရောက်လာပြန်ပါပြီ။ ဒါကြောင့် ဒီကဗျာလေး ဖြစ်တည်လာရပါတယ်... ... ...။


" ချစ်သူနှိုးမှ နိုးစေသတည်း... "

* " နင် ခွဲနိုင်လို့လား...? " တဲ့။

လေယာဉ်အင်ဂျင်သံထက် ကျယ်လောင်တဲ့ စကား

အပြန်ပြန် အထပ်ထပ်

အခါမလပ် ကြားယောင်

(ရင်ထဲ...)

ပူလောင်လွန်းလိုက်တာ

ငါ... ဘာလုပ်ရမလဲ?

တစ်ဘဝမှာ

နှစ်ခါမလာနိုင်တဲ့ အခွင့်အလမ်း

အမိအရ ဖမ်းဆုပ်လို့

နေခဲ့လိုက်ပါ နှလုံးသားရယ်...

အများကြီး နီးဖို့

နည်းနည်းလေး ဝေးကြရတာပါ

နေခဲ့လိုက်ပါနော်။

* ငါ့ရင်ကို ငါခွဲလို့

ငါရွေးတဲ့လမ်း၊ ငါကိုယ်တိုင် လှမ်းခဲ့ပြီ။

* တစ်ညကလေးမှ

ခွဲမရတော့လို့

" နှစ်ယောက်တစ်ဘဝခရီး

ဒီဘဝပြီးသည့်တိုင်အောင်... "
ဆိုခဲ့ပေမယ့်

...

... ...

... ... ...

လွမ်းလိုက်တာ မီးရယ်။

ညတွေ တရေးနိုးတိုင်း

ငါ့နံဘေးမှာ မင်းရှိနေမလား...

ယောင်မှားပြီး စမ်းမိတဲ့အခါ

ရင်ထဲမှာ

နာကျင်လွန်းလိုက်တာ...။

* ဘယ်တုန်းကမှ မဝခဲ့တဲ့... ငါ

ပထမဆုံးအကြိမ် ပြန်မြင်တွေ့ရတဲ့ ခဏ

မင်း မှတ်ချက်စကားလေးက

" ကိုကို တော်တော်ပိန်သွားတယ် " တဲ့။

ငါ မရယ်နိုင်ပါဘူး...

မရယ်နိုင်ခဲ့ပါဘူး မိန်းခလေးရယ်။

* တစ်ရက်၊ နှစ်ရက်၊

တစ်ပတ်၊ တစ်လ၊

တစ်နှစ်၊ နှစ်နှစ်၊ သုံးလေးနှစ်...

အချိန်တွေ အသစ်ဖြစ်ခဲ့ပြီ။

* ခံတွင်းတွေ့ဖို့ မလို...၊

အာဟာရဖြစ်ဖို့ မလို...၊

ကျမ်းမာရေးနဲ့ ညီညွတ်ဖို့ မလို...၊

တစ်နပ်ပြီးသွားဖို့သာ အရေးကြီး။

ထမင်းပူနွေးနွေး၊ ဟင်းပူနွေးနွေး

အဓိပ္ပါယ်ရှိတဲ့ ထမင်းဝိုင်းရဲ့အဝေးမှာ

မဆာလည်း စား...၊ ဆာလည်း စား...၊

ဘယ်တော့များမှ

မင်း မျက်နှာလေးကြည့်ပြီး၊

ထမင်းလက်ဆုံ စားရတဲ့ ဘဝ

ပြန်ရပါ့မလဲ... မိန်းခလေးရယ်။

* နေ့ရက်တွေတိုင်းဟာ

တစစ... အေးစက်ငြိမ်သက်

အလုပ်နဲ့ အခန်း

အနှစ်မဲ့စွာ ဖြတ်သန်းရင်း၊

တစ်ခါ... တစ်ခါ

ကိုယ့်ကိုကိုယ် ရင်ဘတ်လှုပ်တဲ့ စက်ရုပ်တစ်ရုပ်အလား...

ထင်မှတ်မှားခဲ့တာ

VZO နဲ့ မင်းရဲ့ရှေ့မှာတော့

ငါ...

လူနဲ့ တူသလိုလိုပါပဲ။

* နေ့မသိ၊ ညမသိ...

နေမရှောင်၊ မိုးမရှောင်...

ဆံပင်တွေ အရောင်မွဲ

နေလောင်ထားတဲ့ အသားအရေ

ငါ့လက်တွေ ဘယ်လောက်ကြမ်း... ကြမ်းပါစေ။

မင်းလက်ဖဝါးနုနုလေး ဆုပ်ကိုင်ခွင့်ရတဲ့ ခဏ

အို...

တစ်ကိုယ်လုံး ပြန်နုပျိုသွားသလို...

...

... ...

... ... ...

တကယ်တော့

မင်းရင်ညွန့်ထက်က

တလက်လက်တောက်နေတဲ့ အရာလေးဟာ

ငါ့ချွေးစက်တွေပါ... မိန်းခလေးရယ်။

* မှန်ရှေ့မှာ ရပ်လိုက်တဲ့အခါ

မှန်ထဲက ငါ

ဇရာ။

ကောင်မလေးရေ...

မင်း ရင်ခုန်ခဲ့တဲ့

နုပျိုသစ်လွင်တဲ့ ရုပ်လွှာ

ငွေကြေးဥစ္စာတွေနဲ့ လဲခဲ့ရပါပြီ။

* OVERSEA ဆိုတဲ့

Day Dream ခရီးရှည်ကြီးရယ်...

ခရီးဆုံးပန်းတိုင်ဟာ ဘယ်မှာလဲ...?

ဘယ်အခါမှလဲကွယ်...။

* မောပန်းလွန်းနေတဲ့ ငါ့ဝိညာဉ်

(ခင်တွယ်ရာ) ရင်ခွင်ရဲ့ အဝေး

တမ်းတတေးတွေ ဆို...

သံစဉ်တွေ မချိုတဲ့ည

ကြယ်တွေငိုတဲ့ ခဏမှာ

ငါ အိပ်ပါရစေ။

အချစ်...

နင်ရောက်တဲ့အခါ နှိုးလိုက်ပါ။


*** *** *** *** *** *** *** *** ***


ဒီကဗျာလေး ရေးနေချိန်မှာ ဘယ်ဘက်ရင်အုံက တအားအောင့်နေပါတယ်... မီးရယ်။


" Happy Birthday... Honey! "

KKT