Dec 12, 2011

" ငါ့ကို ဘယ်သူ ပြန်ပို့ပေးနိုင်လဲ...? "

" ငါတို့ဟာ အချိန်တွေကို ပိုက်ဆံနဲ့ လာလဲတာ...

အချိန်သာ ကုန်သွားပြီး ပိုက်ဆံ အဖတ်မတင်ခဲ့ရင်...

ငါတို့တွေ အရှုံးကြီး ရှုံးပြီပေါ့...။ "


စကားလေး တစ်ခွန်း...

အသိမိတ်ဆွေတွေ၊ သူငယ်ချင်းတွေ ဆိုးနေ၊ မိုက်နေရင် ဆုံးမ၊

ဖျောင်းဖျပေးခဲ့တဲ့...

ကိုယ်တိုင်လည်း အမြဲ သတိချပ်နေခဲ့တဲ့ စကားလေးပါ...။

အချိန်စက်ဝန်း တစ်ပါတ် လည်ခဲ့ပြန်ပါပြီ ...။


*** *** *** *** *** *** *** *** *** *** *** ***


" ခြောက်နှစ် "... တဲ့။

လွန်ခဲ့သော ခြောက်နှစ်ကျော်ကာလ...

ကျနော့်ကို ငွေလမ်းပေါ် ထမ်းတင်ခဲ့တဲ့ ကျေးဇူးရှင် မရီးတော်က...

" ကမ္ဘာကျော်... နင် ခွဲနိုင်လို့လား...? " ဆိုပြီး တစ်ခွန်းပဲ မေးပါတယ်။

ကျနော် ပြန်ပြောခဲ့တယ်...။

" အစ်မ... အခု ကျနော် လှမ်းနေတဲ့ လမ်းက သိပ်ကြောက်ဖို့ ကောင်းတယ်။

ဒီလမ်းဟာ ရှေ့ကို ခြေတစ်လှမ်း လှမ်းပြီးတိုင်း နောက်ကို လှည့်ကြည့်...၊

ခြေပြန်ချစရာ မြေမရှိတော့ဘူး... အစ်မ " လို့

ဆိုလိုတာက " နောက်လှည့်လို့ မဖြစ်တဲ့ လမ်း၊ နောက်မဆုတ်တမ်းပဲ " လို့

ပြောချင်တာပါ။

တကယ်တမ်းလည်း အဲဒီ့အချိန်က ကျနော့် စိတ်ခံစားမှုဟာ

အဲဒီ့အတိုင်း ရှိနေခဲ့တယ်။

ဒါနဲ့ပဲ...

" ငါ အားပေးတယ်။ ငါ ကူညီမယ်။ "

" ဒါ... စီးပွါးရေးကို ရိုးရိုးသားသား ဖြတ်လမ်းက လိုက်တာ " ဆိုပြီး...။

ခုတော့... သူ " ခွဲနိုင်လို့လား...? " လို့ မေးခဲ့တဲ့ ဟာလေးနဲ့

မခွဲနိုင်ဘဲ ခွဲနိုင်ခဲ့ရတာ ခြောက်နှစ်တောင် ရှိခဲ့ပြီပေါ့...။

" လေးနှစ်ပြည့်တာနဲ့ လေယာဉ်ပေါ်က Passport စာအုပ် လွှတ်ပစ်မယ် " လို့

ကြွေးကြော်ခဲ့တဲ့ ကျနော်...။

လေးနှစ်ရဲ့ ဒီမှာဖက်က ငါးနှစ်ကို ကျော်လို့ ခြောက်နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။

ကျနော် အိမ်မပြန်နိုင်သေးပါဘူး... ... ...။


*** *** *** *** *** *** *** *** *** *** *** ***


Oversea ခရီးရှည်ကြီးရဲ့ အစ၊ ပထမဦးဆုံးည အဖေ့ကို ကန်တော့တော့...

ခြင်ထောင်ထဲမှာ အိပ်ပျော်ယောင်ဆောင်နေခဲ့တဲ့ အဖေ...

(တကယ်တော့ " နိုင်ငံခြား သွားမယ် " လို့ ဖွင့်ဟကြေညာစဉ်ကတည်းက...

အဖေ ကျနော့်ကို စကားမပြောတော့တာပါ)

(အနှစ်(၃၀)လုံးလုံး အထင်ကြီးစရာ ဘာတစ်ကွက်မှ လုပ်မပြနိုင်ခဲ့တဲ့)

သားဖြစ်သူကို စိတ်မချဒေါသနဲ့ သက်ပြင်းမောတွေ တွင်တွင်ချ...။

ကျနော် သိတာပေါ့...

အဖေ... ဒီည အိပ်လို့ မရနိုင်တော့ဘူး ဆိုတာ...

" အဖေ နားတဲ့အချိန်မှာ အဖေ့အတွက် အား... ဖြစ်ပါရစေ။ "

" မိဘ၊ အစ်မနဲ့ ညီ မိသားစုရဲ့ ရှေ့မှာ မားမားမတ်မတ် ရပ်နိုင်တဲ့ သားအကြီး

ဖြစ်စေဖို့...


ဇနီးသည်အတွက် လေးစားအားကိုးထိုက်တဲ့ အိမ်ဦးနတ်ယောင်္ကျားကောင်း

ဖြစ်စေဖို့...


မကြာခင်မှာ လူ့လောကကို ရောက်လာတော့မယ့် မျိုးဆက်လေးရဲ့ ဘဝ

လှစေဖို့...


အားလုံးအတွက် ကျနော့်ကို စတင်ခွင့်ပြုပါတော့... " လို့

စိတ်ထဲက ၀န်ချတောင်းပန်ရင်း...။


*** *** *** *** *** *** *** *** *** *** *** ***


ရတနာ(၃)ပါးရဲ့ တန်ခိုးတော်၊ အနန္တောအနန္တ ငါးပါးကို အမြဲမပြတ်

မှီဝဲဆည်းကပ်ရတဲ့ အကျိုးကျေးဇူးတွေက လက်တွေ့ အစွမ်းပြခဲ့ပါပြီ...။

မှောင်အတိဖုံးနေတဲ့ ကာလတွေက လွန်မြောက်ခဲ့တယ်။

အနာဂတ် ပျောက်နေတဲ့ ဘ၀ဟာ ပြောင်းပြန်လှန်ပစ်လိုက်သလို

ပြောင်းလဲတိုးတက်သွားခဲ့တယ်။

ကိုယ်တင်မက၊ ကိုယ့်မိသားစုတွေရဲ့ ဘ၀တွေကိုလည်း ခိုင်မာစေခဲ့တယ်...။

အဲဒါတွေနဲ့ ညီမျှတဲ့ တန်ရာတန်ကြေးကိုလည်း ကျနော်...

ပြန်ပေးလိုက်ရတာပါပဲ။

အနှစ်(၃၀)ကျော်တဲ့အထိ အိမ်နဲ့ မခွဲဖူးတဲ့ ကျနော်...

ရောက်မယ့်ရောက်တော့ အိမ်နဲ့ မိုင်ထောင်ချီဝေးတဲ့ အရပ်ဒေသမှာ

နှစ်နဲ့ချီပြီး ရောက်ရှိနေထိုင်ခဲ့ရတယ်။

ရောက်ကာစ... အိမ်က " နေမှ နေတတ်ပါ့မလား...! " လို့

စိုးရိမ်တကြီး ရှိခဲ့ရတဲ့ ကျနော်...

ကိုယ့်ထက် အများကြီး ငယ်တဲ့ အခန်းဖော် ညီငယ်တွေ မသိအောင်

မျက်နှာကို ခေါင်းအုံးပေါ် ဖိ၊ အသံတိတ် ကျိတ်ရှိုက်ခဲ့ရတဲ့ ညတွေ...

စိတ်ကူးတွေ၊ အိပ်မက်တွေထဲမှာ အကြိမ်ကြိမ် အခါခါ

အိမ်ပြန်ပြေးသွားခဲ့မိတာတွေ...

အပေအတေ၊ ကြမ်းကြမ်းတမ်းတမ်း လုပ်ရတဲ့ အလုပ်ရဲ့ သဘော...

ဘယ်လိုမှ မဟန်နိုင်တော့ဘဲ မတ်တပ်ကနေ ပစ်လဲသွားလောက်အောင်

အားအင်တွေ လုံးဝ ကုန်ခမ်း၊ နွမ်းဟိုက်သွားချိန်တွေမှာ...

" အမေ... သား အရမ်း ပင်ပန်းတာပဲ အမေရယ် " လို့

ဝမ်းပန်းတနည်း အမေ့ကို တမ်းတမိခဲ့တာတွေ... ... ...။


*** *** *** *** *** *** *** *** *** *** *** ***


" Money is second God. " တဲ့...။

ပိုက်ဆံကို ကိုးကွယ်ရာ တစ်ခုအဖြစ် သက်မှတ်ခံယူခြင်း မရှိခဲ့ပေမယ့်...

ဟိုးအရင် နှစ်ပေါင်းများစွာ ပိုက်ဆံတစ္ဆေ ခြောက်လှန့်၊

လှောင်ပြောင်ခြင်းကို ခံခဲ့ရတယ်။

ပိုက်ဆံ မရှာနိုင်ခြင်းရဲ့ ဒါဏ်ကို အလူးအလဲ ခံခဲ့ရတဲ့ ကောင်...

ပိုက်ဆံ ရှိခြင်းရဲ့ အရသာဟာ မချိုဘူး ဆိုရင်တောင်...

ပိုက်ဆံ မရှိခြင်းလိုတော့ မခါးနိုင်ဘူး ဆိုပြီး...

ပိုက်ဆံကို တန်ဖိုးထားတော့ ပိုက်ဆံရဲ့ တန်ဖိုးထားခြင်းကို ပြန်ခံခဲ့ရတယ်...။

ပိုက်ဆံကို အရူးအမူး မက်မောတွယ်တာတဲ့ စိတ်...၊

ပိုက်ဆံနဲ့ ယှဉ်လိုက်ရင် ဘယ်သူဘယ်ဝါ၊ ဘယ်လို အရေးကိစ္စကိုမှ

ရှေ့တန်းမတင်နိုင်တဲ့ ဗီဇစရိုက်ကြောင့် ဆုံးရှုံး၊နစ်နာမှု၊

စွန့်ပစ်ခံရမှုတွေလည်း ရှိခဲ့ရတယ်...။

ခုတော့ ကျနော်...

ပိုက်ဆံရဲ့ ချည်နှောင်ခြင်းကို ခံနေရပါပြီ...။

ကျနော် ရုန်းမထွက်နိုင်တော့ပါဘူး။

ဘယ်အချိန်၊ ဘယ်ကာလဆီမှ၊ ဘယ်သူ့ အကူအညီနဲ့မှ ရုန်းထွက်ခွင့်

ရနိုင်ပါ့မလဲ...?

ဒီအချိန်မှာ ကျနော် အမုန်းဆုံးနဲ့ ဆက်လက် ဖက်တွယ်နေရဆဲ အရာဟာ...

" ပိုက်ဆံ " ... ပါ။


*** *** *** *** *** *** *** *** *** *** *** ***


ဟိုးအမြင့်...မိုးသားထဲမှာ မီးခိုးဖြူဖြူလေးတန်းပြီး သွားနေတဲ့

(ပြပြလေး မြင်နေရတဲ့) ဂျက်လေယာဉ်တွေ တွေ့လိုက်တိုင်း ရင်ထဲက

လှိုက်လှိုက်ပြီး ဆို့တက်လာတယ်...။

တကယ်ဆို ဒီခရီးဟာ နီးနီးလေးပါ...။

ဒီ... နှစ်နာရီခွဲလောက်ပဲ ကြာတဲ့ ခရီးလေးကို ကျနော့်မှာ နှစ်နဲ့ချီပြီး

အချိန်ပေးနေရတယ်။

တစ်ချို့တွေ... (၁)နှစ်ကို နှစ်ခေါက်၊သုံးခေါက် ပြန်နေကြပါတယ်...။

ကျနော် မပြန်နိုင်ပါဘူး...။

ချမ်းသာပြီးသား လေကြောင်းလိုင်းတွေကို ကျနော် လုပ်မကျွေးနိုင်ပါဘူး...။

တစ်ခါတစ်ခါ... ကိုယ့်အတ္တက ကိုယ့်နှလုံးသားကို ပြန်ပြန်...စားပါတယ်။

ကျနော့်နောက် (၁)နှစ်ကျော် နောက်ကျပြီးမှ Oversea ရောက်ခဲ့ရတဲ့...

ဗမာလူမျိုးစစ်စစ် ဂျာမဏီနိုင်ငံသားနဲ့ ဖူးစာဖက်ခဲ့တဲ့ မရီးတော်က

လှမ်းပြောရှာပါတယ်...

" ပြန်ပေါ့ဟယ်... " တဲ့။

ကျနော် ပြန်ပြောခဲ့တယ်...

" ကျနော် ပြန်ချင်ပါတယ်... အစ်မ "

" ကျနော် ပြန်ချင်တဲ့ ပြန်ချင်ခြင်းမျိုးက ပြန်မလာချင်တော့တဲ့ ပြန်ချင်ခြင်းမျိုးပါ။ "

" ဒါပေမယ့် ကျနော် အဲဒီလို လုပ်လို့ မရဘူး ဖြစ်နေတယ်။ "

" ကျနော့်ကို ကျနော်ကိုယ်တိုင်ကကို ပြန်လာဖို့ ခိုင်းနေတာ... "

" ပြန်လာတဲ့နေ့ ကျနော့်အဖို့ ဘယ်လောက်ထိ ခက်ခဲပင်ပန်းလွန်းတာ

ကျနော်ပဲ သိပါတယ်။ "
လို့...

ဘယ်သူမှ ကိုယ် သေမယ့်ပုံစံကို ကြိုမသိကြပါဘူး...။

တကယ်လို့သာ...

မြွေမကိုက်၊ကားမတိုက်၊ဓါတ်မလိုက်၊ဆေးထိုးမမှားလို့ A မကိုက်ရင်...

(ဒါကတော့ ကိုညီ့ စကားပါ)၊

ဦးနှောက်သွေးကြော မပြတ်၊ သူများ မသတ်ရင်...

ကျနော်...

နှလုံးရောဂါနဲ့ သေမှာပါ... ... ...။


*** *** *** *** *** *** *** *** *** *** *** ***


(၃)နှစ်ကျော်ကာလ ခွင့်ပြန်စဉ်... ကျနော့်အမေက ပြောပါတယ်...

" ဘာတွေပဲ ဖြစ်နေနေ ခြောက်နှစ်တော့ ပြည့်အောင် လုပ်ပါ... သားရယ် " တဲ့။

သူလည်း နှစ်(၃၀)လုံးလုံး ယောင်ချာချာ၊ မရေမရာ ဘ၀မှာပဲ တစ်ဝဲလည်လည်

ဖြစ်နေခဲ့ရတဲ့

ဒီ...သားကြီးသြရသ ဘ၀ကို သေချာခိုင်မာစေချင်ရှာမှာပေါ့လေ...။

ညနေက အမေ့ဆီ ဖုန်းဆက်ပါတယ်...

" အမေပြောတဲ့ ခြောက်နှစ်ပြည့်ပြီ။ "

" အမေပြောတဲ့ ခြောက်နှစ်ပြည့်ပြီ။ "

" အမေပြောတဲ့ ခြောက်နှစ်ပြည့်ပြီ။ " ဆိုပြီး...

စကား တစ်ခွန်းတည်းကို ထပ်ကာ တစ်လဲလဲ ပြောမိတယ်...။

အကြိမ်ပေါင်း မရေတွက်နိုင်အောင် ပြောမိတယ်...။

အော်ကြီးဟစ်ကျယ် ပြောမိခဲ့တယ်...။

ပြောနေရင်းမှာ မျက်ရည်တွေဟာ ပိုးပိုးပေါက်ပေါက် ကျလာပါတယ်...။

ရှိုက်ကြီးတငင် ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကို ညနေကမှ သိရပါတယ်...။

အိပ်ပျော်သွားတာလား...၊ သတိလွတ်သွားတာလား... ကိုယ်တိုင် မသိနိုင်ခဲ့ဘူး။

ပြန်သိလိုက်တဲ့အချိန် မျက်လုံး အဖွင့်မှာ...

အမှောင်ထုရဲ့ ဆီးကြိုပွေ့ဖက်ခြင်းကို ခံလိုက်ရတယ်...။

ဝန်းကျင်တစ်ခုလုံးဟာ ငြိမ်သက်၊ တိတ်ဆိပ်လို့ နေပါတယ်...။

ခုချိန်ထိတော့ ကျနော်... အမှောင်ထုထဲမှာ တစ်ယောက်တည်းပါပဲ။

နောက်လည်း... ဘယ်အချိန်အထိ တစ်ယောက်ထဲ ရှိနေရဦးမယ် ဆိုတာ...

ကျနော်ကိုယ်တိုင် မသိနိုင်သလို၊ ဘယ်သူမှလည်း မသိနိုင်ပါဘူး...။

အမှောင်ထုထဲက ဟိုးအဝေး(ဝေးနိုင်သမျှ ဝေးဝေး)ကို ငေးမျှော်ရင်း...

နှုတ်ခမ်းဖျားထက်မှာ လေသံလောက်သာသာ အသံလေးနဲ့...

စကားလေး တစ်ခွန်းကိုသာ ညှင်ညှင်သာသာ ရွတ်နေမိတယ်...

" ငါ့ကို ဘယ်သူ ပြန်ပို့ပေးနိုင်လဲ...? "

" ငါ့ကို ဘယ်သူ ပြန်ပို့ပေးနိုင်လဲ...? "

" ငါ့ကို ဘယ်သူ ပြန်ပို့ပေးနိုင်လဲ...? "


" ငါ့ကို ဘယ်သူ ပြန်ပို့ပေးနိုင်လဲ...? "




" ငါ့ကို ဘယ်သူ ပြန်ပို့ပေးနိုင်လဲ...? "






KKT

Aug 18, 2011

" တမ်းတရာ အသက်ရှင်ခြင်းလေးရယ်... "

(၁)

" ဟယ်လို...!"

" Honey, ငါပါ... "

" အေး။ ကိုကို...ပြော။ နေအုံး... နေအုံး။ ဒီမှာ သမီးက မင်းကို ပြောမလို့တဲ့။ "

" ဟေ ဟုတ်လား။ ပေးလိုက်စမ်း... ပေးလိုက်စမ်း... "

" ဖေဖေ... "

" ဟေ... သမီးလေး "

"သမီးလေး နေကောင်းလား...? "

" အင်း... ကောင်းတယ် "

" ဖေဖေ... သမီး ဆံပင်ညှပ်ထားတယ်။ သိလား...? "

" ဟေ ဟုတ်လား သမီးလေး...? "

" ဖေဖေ... သမီးမွေးနေ့ ရောက်တော့မယ်နော်။ "

" အေးပါ သမီးလေးရယ်။ အေးပါ...။ "

" သမီးမွေးနေ့ကျရင် ကတုံးတုံးမှာ... သိလား... ? "

" ဟေ... ကတုံးကြီးတော့ မလုပ်ပါနဲ့ သမီးလေးရယ် "

" ဖေဖေ ဘယ်တော့ ပြန်လာမှာလဲဟင်...? "

" ... ... ... "

" ဖေဖေ ခြောက်လပိုင်းကျရင် ပြန်လာမှာလား...? "

" ... ... ... "

" ဖေဖေ အဲဒီမှာ တော်တော်ကြာနေပြီနော်... "

" ... ... ... "

" တော်ပြီ။ မေမေနဲ့ပဲ ပြောလိုက်တော့... "

" အေး... ... ... ပါ သမီးလေးရယ်... "

" သမီးလေး နေကောင်းအောင် နေနော်... "

" ဟုတ်ကဲ့ "

" အစား များများစားနော်။ အသီးများများစားနော်။ "

" ဟုတ်ကဲ့ "

" ညဖက် စောစောအိပ်ရမယ်နော် "

" ဟုတ်... "

" အိပ်ကာနီး နွားနို့သောက်...၊ အိပ်နော်။ "

" ဟုတ်... "

"အိပ်ရာ မ၀င်ခင် ခြေထောက်ရေဆေးဖို့ မပျင်းရဘူးနော်... "

" ဟုတ်... "

" အေး... အေး။ မေမေ့ကို ပေးလိုက်တော့။ ဖေဖေ ချစ်တယ်။ "

" ဟုတ်... သမီးလည်း ဖေဖေ့ကို ချစ်တယ် "

" ကိုကို... "

" ... ... ... "

" ကိုကို... "

" ... ... ... "


" ကိုကို... "

" အင်း... ... ... ပြော "

" မင်း သမီးက မင်းကို ဘာတွေ ပြောနေတာလဲ...? "

" စုံလို့ ပါပဲကွာ... "

" ကိုပေါက်စ ပြန်ရောက်နေတယ်လေ "

" သြော်... "

" အေး အဲဒါ... ဆုပွန်က ကျောင်းမတက်ဘဲ သူ့အဖေနား ကပ်နေတာပေါ့။ "

" သြော်... "

" အဲဒီတော့ မင်း သမီးက တစ်ယောက်ထဲ မူကြိုသွားနေရတာပေါ့။ "

" အင်း... "

" မင်း သမီးက ဘာပြောတယ် ထင်လဲ...? "

" အင်း...ပြောပါဦး "

" ငါ့အဖေ ပြန်လာရင် ငါလည်း ကျောင်းမတက်တော့ဘူး...တဲ့။ "

" သြော်... ... ... "

" ကိုကို နေကောင်းရဲ့လား...? "

" အင်း... "

" သမီးလေးကို ဆံပင်ညှပ်ပေးထားတာလား...? "

" အင်း... ပူလွန်းလို့လေ။ တိုတိုပဲ ညှပ်ပေးလိုက်တယ် "

" သြော်... "

" ကိုကို တကယ် နေကောင်းရဲ့လား...? "

" ကောင်းပါတယ်... "

" အသံက တစ်မျိုး ဖြစ်နေသလား... လို့ "

" Honey...! "

" အေး။ ကိုကို... ... ... "

" ဒီလိုအချိန်မှာ ငါ အကြောက်ဆုံး မေးခွန်းတစ်ခုရှိတယ်... Honey "

" အဲဒီ့မေးခွန်းကတော့... ဖေဖေ ဘယ်တော့ ပြန်လာမှာလဲ...? ဆိုတာပဲ။ "

" သြော်... ကိုကိုရယ် "

" အဲဒီ့မေးခွန်းရဲ့အဖြေ ငါ့ဆီမှာ မရှိဘူး Honey...

မဟုတ်ဘူး။ အဲဒီ့မေးခွန်းရဲ့အဖြေကို ငါကိုယ်တိုင်က သိချင်နေတာ... ... ... "


" ... ... ... "

" ငါတို့တွေ ဒုက္ခခံနေကြတယ် Honey... "

" ငါတို့လူကြီးတွေ ဘယ်လောက် ခါးသီးပါစေ၊ ဘယ်လောက် ကြေကွဲနေပါစေ၊

ဘယ်လောက် ခံစားနေရပါစေ၊
ခုတော့ ... ... ... ... ... ... ... ... ...

ခုတော့ ငါတို့သမီးလေးခမြာ ငယ်ငယ်ရွယ်ရွယ်၊ နုနုနယ်နယ်လေးနဲ့... "

" ... ... ... "

" နေရအုံးမယ် Honey.... နေရအုံးမှာပဲ။ "

" ငါ့သမီးလေး နောင်ရေး ခိုင်မာသထက် ခိုင်မာဖို့...၊ငါတို့ဘ၀တွေ ခါးခဲ့သလို

ငါ့သမီးလေး ဘ၀မခါးဖို့... ... ... "


" ငါ့သမီးလေးနဲ့ ငါ ဝေးနေကြရအုံးမှာ... "

" ကိုကိုရယ်... "

" ဒါပါပဲကွာ...။ မင်း ဘာပြောစရာ ရှိလဲ...? "

" မရှိပါဘူး... "

" အေး... အဲဒါဆိုရင် သမီးလေးကို ဂရုစိုက်နော်။ "

" အင်း... ကိုကိုလည်း ကျမ်းမာရေး ဂရုစိုက်နော်။ "

" ကိုယ့်အတွက် မပူပါနဲ့ကွာ။ မသေအောင်တော့ နေမှာပါ...။

ကိုယ့်သမီးလေးအတွက် ကိုယ် အသက်ရှင်နေဦးမှာပါ။ "


" သြော်... ... ... ကိုကိုရယ် "

*** *** *** *** *** *** *** *** *** *** *** ***

(၂)

အချိန် ဘယ်လောက်ကြာကြာ ဖုန်းလေးကို နားမှာ ကပ်ထားမိလဲ... မသိပါဘူး။

ဖုန်းသံလေးက ဆက်သွယ်မှု မရှိတော့ဘူးဆိုတဲ့ အသံလေးသာ ထပ်တစ်လဲလဲ။

အာရုံမှာတော့...ကမ္ဘာပေါ်က အချိုမြိန်ဆုံး အသံသေးသေးလေး...၊

စကားသံလေးတွေ ၀ဲပျံနေဆဲ...။

" ဖေဖေ့ကို ချစ်တယ်... "

" ဖေဖေ အဲဒီမှာ တော်တော်ကြာနေပြီနော်... "

" ဖေဖေက ဘယ်တော့မှ ပြန်လာမှာလဲ...? "

တစ်ချိန်တည်းမှာပဲ မေးခွန်းတွေဟာ ဆက်တိုက်ဆိုသလို တက်လာခဲ့တယ်...။

" ငါ ပိုက်ဆံတွေ ရှာနေတာ ဘယ်သူ့အတွက်လဲ...? "

" ငါ ပင်ပန်းဆင်းရဲခံနေတာတွေဟာ ဘယ်သူ့အတွက်လဲ...? "

" ငါ အသက်ရှင်နေတာ ဘယ်သူ့အတွက်လဲ...? "

" ငါ အသက်ရှင်နေတာ ဘယ်သူ့အတွက်လဲ...? "

" ငါ အသက်ရှင်နေတာ ဘယ်သူ့အတွက်လဲ...? "

*** *** *** *** *** *** *** *** *** *** *** ***

(၃)

" အကို... ကျနော် လေယာဉ်လက်မှတ် ၀ယ်ချင်လို့ပါ "

" ဘယ်လေယာဉ်နဲ့လဲ မသိဘူးဗျာ။ နှစ်ပါတ်လက်မှတ်လား...?

တစ်လလက်မှတ်လား...? "


" သြ...။ ကျနော် လိုချင်တာကတော့... ... ... "

*** *** *** *** *** *** *** *** *** *** *** ***

(၄)

ASPIRE Happy One...

Intel Atom Processor N570(1.66Ghz, 1MB L2 cache)
Genuine Windows 7 Starter
Mobile Intel NM10 Express Chipset
Intel Graphic Media Accelerator 3150
Acer InviLink Nplify 802.11b/g/n
1GB RAM, 250GB HDD
10.1" Acer CineCrystal LED-backlit TFT LCD
Bluetooth 3.0+HS
1.25kg with 6-cell battery(8 Hrs+)
1 Year International Warranty

ဒီလောက်လေးဆိုရင် သုံးပျော်ပါပြီလေ...။ ဈေးနှုန်းက...။

အင်း... ဈေးနှုန်းက...

တစ်ဦးတည်း Specification လေးတွေ ကြည့်ရင်း... တွေးနေမိတယ်။

" Sir, Is it your phone ring...? "

" Oh, Sorry...! "

" It's okay, sir. Take your time. "

အရောင်းစာရေးကို တောင်းပန်ရင်း ဘောင်းဘီအိတ်ထဲက ဖုန်းကို

ထုတ်ကိုင်လိုက်တယ်။

" Hello, ဦး...။ ပြော... "

" အေး။ East Coast သွားမှာ မဟုတ်လား...? သွားမယ်ဆို

တူတူသွားရအောင် လို့ ပြောမလို့...။ "

" ကျနော် မလိုက်တော့ဘူး... ဦး။ အခု လူကြုံပစ္စည်း သွားယူနေလို့...။ "

" သြော်... အေး။ အေး။ "

" ဦး...။ အဲတာဆို... ဒါပဲနော်။ "

" အေး။ အေး။ "

ပြောရင်း သူငယ်ချင်းဖြစ်သူ ဖုန်းချသွားပါတယ်။

အာရုံကို ပစ္စုပ္ပန်ဆီ ပြန်လည်စုစည်းရင်း...

" Sorry for waiting me...! "

" Doesn't matter, sir! "

" So, What is the accessories for this model? "

" You can get slip-case only, sir! "

" That is including the box, correct...? "

" Yes, you are right, sir. "

" How about the mouse? "

" No, sir. "

" Antivirus software...! "

" No, sir. "

" Cooling Pad...! "

" No "

" Screen Protector ...! Keypad skin...!"

" No "" At least yours should provide the mouse. "

" Sir, the mouse... you can get by less than 10 Dollars. "

" Can I have anymore discount? "

" S$ 399 is so cheap already..., sir. This price is only at this show. Outside, you can find anywhere the price for this model is S$ 499. After this show, the price will back to normal price. "

" I know. I knew about that. But, this S$499 can get a lot of accessories, you know! "

" ... "

" Zero discount. And nothing I can get. "

" ... "

" ကလေးက ငယ်လွန်းသေးတယ်... ဗိုလ်ကျော်။ "

" Netbook! Five years old for netbook! "

သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ စကားတွေ ပြန်ကြားယောင်လာတယ်။

" Sir...! "

" Sir, your phone ring again... sir! "

" Aww, okay... okay. "

" Hello! "

" ကိုကြီး "

" အေး... ငါ့ညီမ... ပြော။ "


" အေး။ လာတော့ လာနေပြီ။ ဒါပေမယ့် ခု... ၀ယ်စရာလေးတစ်ခု

ဝင်ဝယ်နေလို့... "


" ညည်း... Peninsula ရောက်နေပြီလား...? "

" ကြာလှနေပြီ။ ကိုကြီးက ဘာတွေ ၀ယ်နေတာလဲ...? "

" ညည်း ညီမလေးအတွက် Laptop သေးသေးလေးပါ။ "

" အလဲ့... တယ်ဟုတ်ပါလား။ ကောင်းတယ်။ ၀ယ်... ၀ယ်။ "

" အေး။ ၀ယ်ရမလား... မ၀ယ်ရမလား မဆုံးဖြတ်နိုင်သေးပါဘူးကွာ။ "

" ကိုကြီး သမီးလေးက သုံးတတ်ပါ့ဦးမလား...? "

" အောင်မာ...။ ညည်းက ငါ့သမီးလေးများ... လျှော့တွက်လို့။ "

" ကိုယ့်သမီးမို့ ကိုယ်ပြောတာ ဖြစ်ဦးမယ်။ လှစ်လှစ်လေးရယ်... ဗျား။ "

" ဟုတ်တယ်နော်။ ပုံစံလေးက လည်မယ့် ပုံစံလေး...။ "

" အေး... အေး။ ညည်း အဲဒီမှာစောင့်နေ... ဟုတ်လား။ ကိုကြီး လာခဲ့မယ်။ "

" ဟုတ်ကဲ့... ဟုတ်ကဲ့။ "

စိတ်မှာ ဝေခွဲရခက်နေပါတယ်...။

ခွင့်ပြန်ချိန်တွေမှာမှ ပစ္စည်းဝယ်တတ်တဲ့ အကျင့်၊ ပိုက်ဆံသုံးတတ်တဲ့

အကျင့်ဟာ လူကို တော်တော် ဒုက္ခဖြစ်စေပါတယ်...။

" ငါ ဘာလုပ်သင့်သလဲ...? ၀ယ်ရမလား...? မ၀ယ်ဘဲ ပြန်သွားရမလား...? "

အချိန်တွေ ဘယ်လောက်ကြာသွားမှန်း မသိဘူး။ နောက်တော့...

" Sorry, I can't make the decision. " ဆိုပြီး ထွက်လာခဲ့လိုက်တယ်။

အရောင်းစာရေးလေးကတော့ ဘယ်လိုလူပါလိမ့်... ဆိုတဲ့ အကြည့်မျိုးနဲ့

ကျန်ခဲ့ရှာတယ်။

လူကသာ ထွက်လာခဲ့ရတာ... စိတ်ကတော့ Netbook လေးဆီမှာ...

ခြေလှမ်းတွေဟာ တဖြေးဖြေး နှေးကွေးလို့လာတယ်။

မြင်လွှာမှာ ထင်ဟပ်လာတာက ချစ်စရာကောင်းလွန်းတဲ့ မျက်နှာလေး...

ပြီးတော့ အသံသေးသေးလေး...

" ဖေဖေ ပြန်လာရင် သမီးအတွက် Laptop လေး ၀ယ်လာပါနော်။ "

ရုတ်တရက်... ခြေလှမ်းတွေရဲ့ လားရာဟာ ပြောင်းပြန်ဖြစ်သွားတယ်။

ပြီးတော့ အပြေးတစ်ပိုင်း... ... ...


*** *** *** *** *** *** *** *** *** *** *** ***

အစ... ... ...

(၅)

အိမ်ပြန်ည (Eve Night) တို့ရဲ့ ထုံးစံအတိုင်း ပျော်လွန်းလို့ ကောင်းကောင်း

အိပ်မပျော်ပြန်ပါဘူး။

ဘယ်လူး၊ ညာလှိမ့်နဲ့ နိုးထနေသော အိပ်စက်သူ ဖြစ်နေရပါတယ်။

" Love in your eyes... Sitting silent by my side...

Going on, Holding hand... Walking through the nights...

Hold me up, Hold me tight... Lift me up to touch the sky...

Teaching me to love with heart... Helping me open my mind...

I CAN FLY... I'm proud that I can fly...

To give the best of mind... Till the end of the time...

Believe me, I can fly... I'm proud that I can fly...

To give the best of mind... The heaven in the sky... ... ... "

Fiona Fung ကတော့ သူ့တာဝန်အရ " Proud of You " နဲ့ နှိုးပါပြီ။

သူမသိတာက... ကိုယ့်မှာ တစ်ညလုံး မအိပ်ခဲ့ရသေးတာပါပဲ။

" အင်း... ငါးနာရီတောင် ထိုးပြီ။ ထတော့မှ... ... ... "

" Taxi ကလည်း ဘယ်လောက် စောင့်ရဦးမယ် မသိဘူး။ "

တစ်ဦးတည်း အတွေးနဲ့ Phone Alarm ကို ပိတ်၊ အိပ်ရာလေး သိမ်း၊ ရေချိုးခန်း

ဝင်ပါတယ်။

ရေမိုးချိုး၊ အ၀တ်အစားလဲပြီး ဘုရားရှိခိုးပါတယ်။

ဘုရားဝတ်ပြုနေရင်းမှာ မျက်ခွံတွေဟာ လေးစင်းလာသလိုပဲ...။

ကိုယ်လက်တွေဟာ မအီမသာ ဖြစ်လာပါတယ်။

" ဟား... ငါ ဖျားတော့မယ်နဲ့ တူတယ်။ "

" ခရီးရှည်ကြီးလည်း ထွက်ရဦးမယ်...။ "

" အို ဘာဖြစ်ဖြစ်... သမီးလေးဆီ ပြန်ရပြီပဲ...။ "

တစ်ယောက်တည်း ရေရွတ်ရင်း၊ အထုပ်လေးတွေဆွဲလို့ တိုက်အောက်ဆင်းခဲ့

ပါတော့တယ်။

မနက်စောစောဆိုရင် အင်မတန် ရခဲ့လှစွာသော Taxi ဟာ... ကျနော်

တိုက်အောက် ရောက်တာနဲ့ မရှေးမနှောင်း ဆိုသလို Taxi လေးတစ်စီး

တိုက်ရှေ့ ကို ထိုးဆိုက်လာပါတယ်။ ကားထဲက Passenger ဆင်းသွားပြီး၊

ကျနော် အလိုက်သင့် ၀င်ထိုင်လိုက်ရင်း...

" Changi Terminal 1 Please! "

(၅):(၄၀)နာရီမှာ စတင်ပါပြီ...

နှလုံးသားရှိတဲ့ အရပ်ဆီ စတင်ပါပြီ... ... ...။

*** *** *** *** *** *** *** *** *** *** *** ***

(၆)

" Can I have some Paracetamol...? "

" ဖျားနေလို့လား... အကို "

" သြော်... ဗမာလား...? အေးဗျာ။ ကိုယ်တွေ နည်းနည်း နွေးနေလို့... "

" Panadol တော့ ရလိမ့်မယ် ထင်တယ်။ နေအုံး... ကျနော် တောင်းပေးမယ်။ "

လေယာဉ်မောင်လေးက ပြောပြီး ထွက်သွားပါတယ်။

တစ်ခဏအတွင်း ပြန်ရောက်လာပြီး...

" အကို။ ဒီမှာ Panadol... "

" သြော်... ဟုတ်ကဲ့။ Thanks! ကျနော့်ကို ရေနွေးနည်းနည်း ပေးပါလား...။ "

" ရေနွေးတော့ မရှိဘူး... အကို။ Hot Water ဆို ဖြစ်မလား...? "

" အေးဗျာ။ Hot Water ဆိုလဲ Hot Water ပေါ့။ "

ပါးစပ်ထဲ ဆေးနှစ်ခဲလောက် ပစ်ထည့်ပြီး၊ လေယာဉ်မောင်လေး ပေးလာတဲ့

ရေပူကို တစ်ဟူးဟူးနဲ့ မှုတ်သောက်နေလိုက်တယ်။

Jet Star Asia ရဲ့Airbus A320 ကြီးကတော့ တိမ်တွေကိုခွဲ၊ လေထဲမှာ...။

*** *** *** *** *** *** *** *** *** *** *** ***

အလယ်... ... ...

(၇)

" Taxi ငှားမလား အကို...? "

" အကို။ Taxi လား...? "

" Taxi သွားမလား ညီလေး...? "

ဝိုင်းအုံနေတဲ့ လူတွေ၊ အသံတွေကို အကဲခတ် ကျော်ဖြတ်ရင်း၊

အေးအေးဆေးဆေး ပုံစံရှိတဲ့ အသက်(၄၀)၀န်းကျင် အရွယ် Taxi Driver

တစ်ဦးဆီကို တန်းလျှောက်ခဲ့လိုက်တယ်။

" အောင်မင်္ဂလာ အဝေးပြေး သွားချင်လို့... အကို။ ကားအားလား မသိဘူး...? "

" အင်း။ အားပါတယ်။ အဝေးပြေး ဆိုရင်... "

" ဈေး မပြောပါနဲ့... အကို။ သွားမယ်ဆို သွားရအောင်... "

Taxi Driver မျက်ခုံး တစ်ချက် ပင့်သွားတယ်။ ပြီးတော့...

" Okay လေ...။ ညီလေး အထုပ်အပိုးတွေကကော... "

" ဒီမှာလေ... "

လက်ထဲ ကိုင်ထားတဲ့ အထုပ်ကလေးနှစ်ထုပ်ကို ကြည့်ပြီး Taxi Driver

မျက်ခုံး ပိုပင့်သွားသလိုပဲ။ ဘာမှတော့ မပြော...။

ကားလေး စထွက်လာခဲ့တယ်။

Yangon International Airport ဆိုတာကြီးကတော့ နောက်မှာ ကျန်ခဲ့ပြီ။

ကားထွက်လာပြီး၊ သိပ်မကြာခင်မှာပဲ...

" ကားခက ဘယ်လောက်လဲ အကို...? "

" သုံးထောင်ပဲ ပေးပါ "

" အဲဒီ့ပိုက်ဆံ ကျနော့်မှာ မရှိပါဘူး... "

" ဟန်... "

ဒီတစ်ခါ မျက်ခုံးပင့်သွားတာ အသိသာဆုံးပဲ။

" ဟုတ်တယ် အကို။ တကယ်တော့ ကျနော့်မှာ ဗမာပိုက်ဆံနဲ့ တူတာဆိုလို့

တစ်ပြားမှ မပါတာပါ။ "


" ဟာ... ... ... မင်းကွာ "

ကားလေးဟာ ချက်ချင်း အရှိန်လျော့သွားတယ်။ ပြီးတော့ လမ်းဘေးကို

ကပ်တော့မလို...

" ဒါပေမယ့် ကျနော့်မှာ အကို ပြောတဲ့ သုံးထောင်ထက် လုံလောက်တဲ့

ပိုက်ဆံတွေ ပါပါတယ်။ "


" ဟေ... "

ကားလေးဟာ အရှိန် ပြန်မြင့်လာပါတယ်။

" ဟုတ်ပါတယ်... အကို။ ကျနော့်မှာ စင်္ကာပူရော၊ အစိမ်းရော ပါပါတယ်။

အကို နှစ်သက်ရာ ယူပါ။ "

" ညီလေးက ကိုယ်တောင်းသလောက် ပေးမှာလား...? "

" ဒီလမ်း၊ ဒီခရီးကို ဘယ်လောက်ကျသင့်တယ် ဆိုတာ မှန်းခြေလောက်တော့

ကျနော်သိပါတယ်။
အကိုက ပိုသိမှာပါ။

ကျနော် အကို့ သမာဓိကို ယုံပါတယ်။ ယုံလို့လည်း အကို့ပုံပန်းသဏ္ဍာန်ကြည့်ပြီး၊

အကို့ကားကိုမှ ရွေးငှားခဲ့တာပေါ့။ "


ကားဆရာ မျက်ခုံးပင့်နိုင်တော့မယ် မထင်ပါဘူး။

" လေယာဉ်ကွင်းမှာ ဘာလို့ မလဲခဲ့သလဲ ညီလေးရာ...? "

" ဘယ်မှာ သွားလဲရမလဲ ကျနော် မသိဘူး အကို။ မေးရ၊ မြန်းရ၊ စုံစမ်းရမှာနဲ့...။

ဲပြီးတော့ ကျနော့်အတွက် အချိန်...။

ကျနော် အိမ်ကို အမြန်ဆုံး ရောက်ချင်နေတယ်... အကို။

ဖြစ်နိုင်မယ်ဆိုရင် တစ်နာရီ၊ တစ်မိနစ်၊ တစ်စက္ကန့်လေးပဲ

စောရောက်ရောက် ရောက်ချင်နေတာပါ။ "


" ညီလေး အရေးကြီးကိစ္စ ရှိလို့လား...? "

" အရေးကြီးတာပေါ့ အကို။ ကျနော့်အတွက်တော့ သေရေးရှင်ရေး

ထက်တောင် အရေးကြီးတာပေါ့။ "


" အေးကွ။ ကိုယ်လည်း မင်းကို ကြည့်ပြီး တစ်မျိုးပါပဲ လို့...။

လာကြိုသူလည်း မတွေ့၊ အထုပ်အပိုးလေးတွေကလည်း... "

" ဒါလေးက ချော့ကလက်ထုပ်ပါ။ ဒါလေးက Netbook လေး၊

ကျနော်... မနက်ဖြန် ကျနော့်သမီးလေးမွေးနေ့ အားချင်းပြန်လာတာပါ...။ "

*** *** *** *** *** *** *** *** *** *** *** ***

(၈)Taxi လေးတစ်စီး အောင်မင်္ဂလာ အဝေးပြေးကားဂိတ်ဝင်းထဲ

ကွေ့ဝင်လာပါတယ်။

" သြော်... အဲဒီလိုလား...? "

" ဟုတ်ပါတယ် အကို။ တကယ်တော့ မြို့ ထဲဝင်ပြီး ယောက္ခမအိမ်မှာ

လမ်းစရိတ်ဝင်ယူရင် ရပါတယ်။
အချိန်တွေ အများကြီး လေသွားမှာ... အကို။

ပြီးတော့ မတော်လို့ သူတို့တွေက နယ်အိမ်ကို ဖုန်းဆက်လိုက်ရင် အိမ်သားတွေ

ကြိုသိသွားမှာ စိုးလို့ပါ။


ကျနော်က မမျှော်လင့်ဘဲ ကျနော့်ကို တွေ့လိုက်ကြပြီး...

" အံ့သြ၀မ်းသာသွားအောင် ဆိုပါတော့...။ "

" ဟုတ်ပါတယ် အကို "

" မျိုးဆက်သစ် "

ရန်ကုန်-ပြည် ခရီးသည် နှင့် ကုန်စည် အမြန်ပို့ဆောင်ရေး

" အကို... အကို။ ကျနော့်ကို အဲဒီ့ကားဂိတ်ရှေ့ မှာ ရပ်ပေး...။ "

" New Generation Express " ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ကြည့်ရင်း

စိတ်ထဲမှာ စကားပြောဖြစ်သွားတယ်။

" ငါ့မျိုးဆက်လေးဆီ ပြန်တဲ့ ခရီးကို မျိုးဆက်သစ်က အမြန်ဆုံး

ပို့ဆောင်ပေးရမှာပေါ့... "

*** *** *** *** *** *** *** *** *** *** *** ***

(၉)

" ကဲ... အကို။ ကျေးဇူးပါပဲနော်။ ကျေးဇူးအများကြီးတင်ပါတယ် လို့ပဲ

ပြောရတော့မှာပဲ။ ကားခပေးတာလဲ မယူဘူး...။ "


" ကိုယ် ပြောခဲ့ပြီပဲ... ညီလေး။ ကုသိုလ်ယူတာပါ... လို့။

ဒီလိုကုသိုလ်မျိုးက ရခဲတယ်ကွ။ "


" ပြီးတော့... ကိုယ်ကတောင် မင်းကို ကျေးဇူးတင်ရဦးမှာပါ။ "

" ဘာလို့လဲ အကို...? "

" သမီးကို အရမ်းချစ်တဲ့ အဖေတစ်ယောက်နဲ့ တွေ့ခွင့်ရလိုက်လို့လေ...။ "

" သြော်... ဟုတ်ကဲ့ "

" ညီလေး... လိုရာခရီးကို အဆင်ပြေပြေ၊ ချောချောမွေ့မွေ့ ရောက်ပြီး၊

သမီးလေးနဲ့ အမြန်ဆုံး တွေ့ရပါစေကွာ။ "


" ဟုတ်... ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ အကို။ "

*** *** *** *** *** *** *** *** *** *** *** ***

(၁၀)

ရန်ကုန်-ပြည် အဝေးပြေးလမ်းမပေါ်မှာ Express ကားကြီးတစ်စီး

တရိပ်ရိပ် ပြေးနေပါတယ်။

" ခရီးသည်များခင်ဗျာ... ပေါက်တော "

Express ကားကြီးဟာ လမ်းဘေးတစ်နေရာမှာ ရပ်သွားပါတယ်။

ကားပေါ်က လူတွေ အလျှိုလျှို ဆင်းနေကြတယ်။

" အကိုကြီး... ကားပေါ်က ဘာလို့ ဆင်းကုန်ကြတာလဲ...?

ဘေးက ကားဒရိုင်ဘာကြီးကို မေးလိုက်မိတယ်။

" ပေါက်တော... လေကွာ။ "

" ပေါက်တောဆိုတာ ဘာလဲ အကိုကြီး...? "

" ဟေ... "

" ပေါက်တော ဘာလဲ မသိရင်တော့ အောက်ဆင်းပြီး၊ သူများတွေ

ဘာလုပ်လဲ ကြည့်ပေတော့ကွာ။ "


*** *** *** *** *** *** *** *** *** *** *** ***

(၁၁)

ကျွန်းကလေး ယာဉ်ရပ်နားစခန်း ~ လက်ပံတန်းမြို့ နယ်

" ခရီးသည်များ... ထမင်းစား နားပါမယ်ခင်ဗျာ။ ပိုက်ဆံအိတ်၊ လက်ကိုင်အိတ်၊

တန်ဖိုးကြီးပစ္စည်းများ ကိုယ်နဲ့တပါတည်း ယူသွားပေးကြပါ။ "


ကားစပါယ်ယာရဲ့ သတိပေးသံအဆုံး ခရီးသည်တွေဟာ ကားပေါ်က

တဖြေးဖြေးဆင်းပြီး၊ ထမင်းဆိုင်ထဲ ၀င်သွားကြပါတယ်။

" အကိုကြီး... ထမင်းစား နားတာ ဘယ်လောက်ကြာမှာလဲ...? "

ဘေးက ကားဒရိုင်ဘာကြီးကို မေးလိုက်မိတယ်။

" နာရီဝက်ပေါ့ကွာ။ ဘာဖြစ်လို့လဲ...? "

" နာရီဝက်ကြီးတောင် မများဘူးလား... အကိုကြီး "

" ထုံးစံပဲကွ။ ကားအနားပေး၊ လူအနားပေးပေါ့။

လာ...ထမင်းစားသွားကြမယ်။ "


ကားဒရိုင်ဘာကြီးက ကျနော့်ကို ထမင်းစားခေါ်ပါတယ်။

ကျနော် ကားဆရာကြီးတို့နဲ့အတူ ကားပေါ်ကနေ ဆင်းလိုက်လာခဲ့တယ်။

ထမင်းဆိုင်ရောက်တော့လည်း သူတို့ဝိုင်းမှာပဲ ၀င်ထိုင်လိုက်ပါတယ်။

ထိုင်ပြီးတာနဲ့...

" ကျနော် မစားတော့ဘူး... အကိုကြီး "

" ဟေ။ ဘာဖြစ်လို့လဲ...? မင်းကို ပိုက်ဆံ ပိုတောင်းမှာစိုးလို့လား...?

ငါ ကျွေးမှာပါကွ။ "

" မဟုတ်ပါဘူးဗျာ။ ကျနော် မဆာလို့ပါ။ "

" ဟုတ်ရော ဟုတ်ရဲ့ လားကွာ။ ဘာလဲ ရွံလို့လား...? "

" ဟာ မဟုတ်ပါဘူး အကိုကြီး။ ကျနော် တကယ်ကို စားချင်စိတ် မရှိလို့ပါ။ "

" ဒါဆို အအေးတော့ သောက်ကွာ... "

" အအေးက ပိုပြီး၊ မဖြစ်သေးတယ်... အကိုကြီး "

" ဟေ ဘာဖြစ်လို့... "

" ကျနော် နည်းနည်းဖျားနေလို့ပါ။ "

" ဟ... ဒါဆို ဘယ်ဖြစ်မလဲ...။ တစ်ခုခု စားပြီး၊ ဆေးသောက်မှပေါ့။ "

" သောက်ခဲ့ပါတယ် အကိုကြီး။ လေယာဉ်ပေါ်မှာ ပေါင်မုန့်စားပြီး၊

ဆေးလည်း သောက်ခဲ့ပါတယ်။ "


" ဖြစ်ပါ့မလားကွာ။ ဘာမှ မစားမသောက်ဘဲ...။ တော်တော်ကြာ

တစ်ခုခု ဖြစ်နေမှဖြင့်... "


" ကျနော် ရေတော့ သောက်ချင်တယ် အကိုကြီး...။ "

" ရေ...။ အေး... အေး။ ကောင်လေး ရေသန့်တစ်ဘူး တောင်းလိုက်စမ်းကွာ။ "

စပါယ်ယာလေးက ရေ လှမ်းမှာပေးပါတယ်။

ရောက်လာတဲ့ ရေသန့်ဘူးကိုဖွင့်ပြီး၊ အငမ်းမရ မနားတမ်း မော့ချပစ်လိုက်တယ်။

ရင် နည်းနည်းအေးသွားသလို၊ ခေါင်းထဲမှာလည်း နည်းနည်း

ကြည်လင်သွားသလိုပါပဲ။

Hand Phone လေး ထုတ်ပြီး၊ အချိန်ကြည့်လိုက်မိတယ်...

" အင်း... ညနေစောင်းလောက်ဆိုရင်တော့ ရောက်တန်ကောင်းပါရဲ့... "

တစ်ခဏခန့်အကြာ...

" ဟေ့... ကောင်လေး။ ခရီးသည်တွေ အခြေအနေကြည့်ကွာ။

စားသောက်ပြီးကြရင်လည်း သွားကြရအောင်...။ ဒီမှာ ဒီခလေး...

နာရီတစ်ကြည့်ကြည့်နဲ့...။ "


ကားဒရိုင်ဘာကြီးက သူ့ကားစပါယ်ယာကောင်လေးကို လှမ်းပြီး၊

လောဆော်လိုက်ပါတယ်။

စပါယ်ယာလေးက ဆိုင်ထဲ တစ်ချက်ဝေ့ကြည့်၊ ကားဆီ ထသွားပြီးတဲ့နောက်...

" မျိုးဆက်သစ် ခရီးသည်များခင်ဗျာ... ကျနော်တို့ ကားပြန်ထွက်ပါတော့မယ်။

မျိုးဆက်သစ် ခရီးသည်များခင်ဗျာ... ကျနော်တို့ ကား... ... ... "

ခရီးသည်တွေလည်း ကားပေါ် ပြန်တက်လာကြပါတယ်။

ကျနော်လည်း ကားဆရာကြီးနဲ့အတူ ကားဆီ ပြန်လျှောက်လာပါတယ်။

ကားဆရာကြီးက ဒရိုင်ဘာခုံမှာ ၀င်ထိုင်လိုက်ရင်း...

" ဘယ့်နှယ့်လဲ ကောင်လေး။ အချိန် ဘယ်လောက် ကြာသွားလဲ...?

ငါ့အထင်တော့ မိနစ်(၂၀)လောက်ပဲ ရှိမယ်ထင်တယ်။ "

" (၂၂)မိနစ်ကို စက္ကန့်စွန်းတယ် အကိုကြီး "

" ဟေ... အဟေးဟေး။ မင်း... တော်တော် တိကျတဲ့ ကောင်ပဲကွ။ "

ကား ပြန်ထွက်လာပြီး၊ တစ်နာရီသာသာလောက်မှာ...

" ဗျို့ ကားဆရာ... ကျမ်းမာရေး ကျမ်းမာရေး "

" ဦးလေး... ကျမ်းမာရေး တဲ့။ "

စပါယ်ယာ ကောင်လေးက ကားဒရိုင်ဘာကြီးကို လှမ်းသတိပေးလိုက်ပါတယ်။

" ဟေ... အေး အေး။ "

ကားရပ်သွားတာနဲ့... အနှီ " ကျမ်းမာရေး " ဆိုသော လူသားဟာ ကားပေါ်မှ

ခပ်သုတ်သုတ်ပြေးဆင်းပြီး၊ လမ်းဘေးသစ်ပင်ကြီးနောက် ၀င်သွားပါတော့တယ်။

ကျနော့်မှာ စိတ်ထဲက မကျေမနပ်နဲ့...

" ဟင်း... ရပ်ရပြန်ပြီ ဒီကား...။ "

" ဟာ... ငါ ဘာဖြစ်နေတာလဲ။ ဒီကား ဘီးတစ်လိမ့်တိုင်း တစ်လိမ့်တိုင်းမှာ

ငါသမီးလေးဆီ နီးသထက် နီးလာပြီပဲ။ "


*** *** *** *** *** *** *** *** *** *** *** ***

(၁၂)

ရင်ထဲမှာ တစ်လှပ်လှပ်နဲ့ ဖြစ်နေပါတယ်။

ဟိုး... အဝေးကြီးက မနားတမ်းပြေးလာသူတစ်ယောက်လို

မောဟိုက်နုံးချိနေပါတယ်။

အသံတွေဟာ နီးလာလိုက်...၊ ဝေးသွားလိုက်...။

" ရွှေတောင် ပါသေးလားခင်ဗျာ...။ ရွှေတောင် ပါသေးလား...? "

ကားစပါယ်ယာလေးရဲ့ အသံကြောင့် လန့်နိုးလာခဲ့တယ်။

ခေါင်းထဲက မူးနောက်နေတာ သိလိုက်တယ်။

တစ်ကိုယ်လုံးလည်း နာကျင်ကိုက်ခဲနေပါတယ်။

" ဘယ်ရောက်ပြီလဲ အကိုကြီး...? "

ကားဆရာကြီးကို မေးလိုက်မိတယ်။

" ရေနံမြေကျော်ခဲ့ပြီ... ကောင်လေး။ ရှေ့ မှာ ရွှေတောင် ၀င်တော့မယ်။

ကားဆရာကြီးက ပြောရင်း၊ ကျနော့်ကို ငဲ့ကြည့်လိုက်တယ်။

" ဟင်... မင်း ဟန်ရဲ့ လား...? "

" ကျနော် အဖျားတွေ တက်နေတယ် အကိုကြီး "

" ဟေ... ဟုတ်လား။ မှန်းစမ်း။ "

ပြောပြောဆိုဆို... ကားဆရာကြီးက ကျနော့်လက်ကို လာစမ်းပါတယ်။

" ဟ... မင်း ကိုယ်တွေ ပူခြစ်နေလို့ပါလား...? "

" ဟုတ်ကဲ့ အကိုကြီး "

" ရွှေတောင် ဆင်းမလား... ကောင်လေး။ ဆေးခန်း တစ်ခုခု... "

" မဆင်းတော့ဘူး အကိုကြီး။ ရွှေတောင် ဟိုဖက်(၉)မိုင်ဆိုရင် ရောက်ပြီပဲ။ "

" ပြည်ရောက်တာနဲ့ ကျနော် ဆေးခန်း တန်းသွားမှာပါ။ "

" ခက်တော့ တာပဲကွာ။ ဒီခလေး ဒုက္ခဖြစ်တော့မှာပဲ။ "

" တကယ်ဆို... ကောင်းကောင်း နေမကောင်းရင်လည်း မင်း ရန်ကုန်မှာ

တစ်ရက်လောက်ဖြစ်ဖြစ် နားလိုက်သင့်တာ... "

" ဂိတ်မှာလည်း နောက်ကားစောင့်ပါဦး ဆိုတာ မရဘူး။

ငါ့ကားမှာ ဖြစ်သလို ခုံတိုလေးနဲ့ လိုက်လာတယ်။ "


" ကျနော့်အကြောင်း ကျနော်သိတယ် အကိုကြီး။

ဗမာပြည်ရောက်နေမှတော့ စက္ကန့်ပိုင်းလေးတောင် ကျနော် အချိန်

မဆိုင်းနိုင်တော့ဘူး။ "


" အလျင်လိုရင် အနှေးဖြစ်တတ်တယ်... ကောင်လေး။

အရမ်း ဆန္ဒပြင်းပြနေရင် အနှောက်အယှက်၊ အခက်အခဲဆိုတာ

ဖြစ်လာတတ်တယ်။ "


" မင်း သမီးလေးမွေးနေ့ကလည်း မနက်ဖြန်မှ မဟုတ်လား...? "

ကားဆရာကြီးရဲ့ ငြီးတွားပြောဆိုသံတွေဟာ နားထဲမှာ ကြားတစ်ချက်၊

မကြားတစ်ချက်...။

*** *** *** *** *** *** *** *** *** *** *** ***

(၁၃)

" သီရိခေတ္တရာ ပြည်မြို့ "

လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုပါ၏။

ဆိုင်းဘုတ်ကြီးကို မြင်လိုက်ရတဲ့ ကိုယ့်မှာလည်း လှိုက်လှဲဝမ်းသာစွာ ရှိလှပါတယ်။

Express ကားကြီးကတော့ ဆိုင်းဘုတ်ကြီးဘေးက မြို့ ရှောင်လမ်းအတိုင်း

အဝေးပြေးကားဂိတ်ဆီ မောင်းနှင်နေပါပြီ။

*** *** *** *** *** *** *** *** *** *** *** ***

(၁၄)

" ဦးသံချောင်းရေ... ခင်ဗျား ဆိုက္ကားခယူရင် ကျုပ်ကားခပါ ယူခဲ့ပေးပါ။

သြော်
နောက်တစ်ခု... ခင်ဗျား ဆိုက္ကားကို ဆိုင်ကယ်နှုန်းနဲ့သာ နင်းပေတော့ဗျာ။ 
ကျုပ်တော့ Express ကို လေယာဉ်ပျံနှုန်းနဲ့ မောင်းခဲ့ရတယ်။

ကျနော်က ပြုံးရင်း...

" ဦးလေးကတော့ လုပ်ပြီဗျာ။ "

" နို့... မဟုတ်လို့လားကွ။

လမ်းမှာလည်း တစ်နာရီ တစ်ခါမက မင်း ငါ့ကို လောတယ်။ "

" ဦးလေးကလည်းဗျာ... "

" ဟေ... မင်း ငါ့ကို ခုမှ ဦးလေးခေါ်တော့တာပဲ...။ တစ်လမ်းလုံး...

" ဦးလေး " ခေါ်ပါကွာ။ ငါ မင်းထက် အသက်အများကြီး ကြီးပါတယ်... လို့

တောင်းတောင်းပန်ပန် ပြောခဲ့တာတောင် မရဘူး... ဟားဟားဟား။ "


ဆိုက္ကားဆရာ ဦးသံချောင်းက ကားဆရာကြီးကို တစ်လှည့်၊ ကျနော့်ကို တစ်လှည့်

နားမလည်သလို ကြည့်တယ်။

ဒီအခါ ကားဆရာကြီးကပဲ...

" ဒီကောင်လေးက ဒီနေ့ပဲ နိုင်ငံခြားက ပြန်လာတာပါ။ "

*** *** *** *** *** *** *** *** *** *** *** ***

(၁၅)

" ဦးလေး... နည်းနည်းလောက် မြန်မြန် နင်းပေးပါလား။ "

" နင်းနေတာပဲ... ငါ့တူရယ်။ "

" ဟုတ်ကဲ့။ ကျနော်ကလည်း နည်းနည်းလေး ပိုမြန်ပေးဖို့ ပြောတာပါ။ "

" ဒီ့ထက် မြန်ချင်ရင်တော့ လိုင်းကားစီးသွားရောပေါ့ ငါ့တူရယ်။ မင်း စီးနေတာ

ဆိုက္ကားလေ...။ "


" ဦးလေး... ကျနော်တို့အိမ်က main လမ်းမကြီးဘေး မဟုတ်ဘူး။

လိုင်းကားစီးလို့ မရဘူး။
နောက်ပြီးတော့ ကျနော့်မှာ ပိုက်ဆံ... ... ... ။ "

" လေယာဉ်ကွင်းက အဝေးပြေးကို စီးတဲ့ Taxi က အလကား ပို့ပေးတယ်။

ပြီးတော့...
ခု စီးလာတဲ့ ကားခကိုလည်း ဦးလေးနဲ့မှ ထည့်ပေးလိုက်ရမှာ...။ "

ဆိုက္ကားဆရာကြီး ပါးစပ် အဟောင်းသား... ဘာမှ ပြန်မပြောနိုင်တော့ဘူး။

*** *** *** *** *** *** *** *** *** *** *** ***

(၁၆)

ကျနော် ဘယ်လိုမှ စိတ်မရှည်နိုင်တော့ပါဘူး။

ဆင်းပြေးချင်စိတ် ဖြစ်မိတာလည်း အကြိမ်ကြိမ်။ နောက်ဆုံး...

" ဦးလေး... ကျနော် နင်းမယ်ဗျာ။ "

" ငါ့တူရယ်။ မင်း မြန်မြန် ဆိုလို့ ဦးလေးလည်း မြန်မြန် နင်းနေတာပါပဲ။ "

" ဦးလေးရဲ့ မြန်မြန်က ကျနော် ဆင်းပြေးမိတော့မယ်။ ခုအချိန်... ကျနော့်မှာ

အိမ်အထိရောက်အောင် ပြေးဖို့ကလည်း အားမရှိဘူး။ အဲဒီတော့...
ဦးလေး

ဆိုက္ကား
ကျနော် နင်းမယ်။ ဦးလေးက ထိုင်စီး...။ "

" ငါ့တူက နင်းတတ်လို့လား...? "

" ဦးလေး... ကြည့်လိုက်လေ။ "

ခဏလောက်ကြာတော့ ဘေးက ဆိုက္ကားဆရာကြီးက...

" ငါ့တူက ဘယ်ဆိုးလို့လဲ...။ "

ဆိုက္ကားဆရာ ဦးသံချောင်း... ကျနော့် အရည်အချင်းကို ယုံကြည်သွားပုံပါပဲ။

" ကျနော်က ဘာမှသာ တစ်ဖက်ကမ်းခပ် မဖြစ်တာ ဦးလေး...။ ဟိုစပ်စပ်၊

ဒီစပ်စပ်တော့ အကုန်ရတယ်။ "


အဲဒီနောက် ဆိုက္ကားဆရာစီးတဲ့ ဆိုက္ကား...၊ Passenger နင်းတဲ့ ဆိုက္ကားလေး...

ဗိုလ်ချုပ်လမ်းမပေါ်မှာ ဒုန်းစိုင်းပြေးနေပါတယ်။

တစ်ဒုတ်ဒုတ်... ခုန်နေတဲ့ ရင်ထဲက အသံစည်းချက်နဲ့အတူ စိတ်အာရုံမှာလည်း

" ငါ့သမီးလေးနဲ့ တွေ့ရတော့မယ်...။ ငါ့သမီးလေးနဲ့ တွေ့ရတော့မယ်...။ "

*** *** *** *** *** *** *** *** *** *** *** ***

(၁၇)

ဆိုက္ကားလေး တစ်စီး ရပ်ကွက်ထဲကို ချိုးကွေ့ဝင်လာပါတယ်။

တစ်ချိုး...၊ နှစ်ချိုး...

ဲမြင်ဖူးသလိုလို ဆိုတဲ့ အကြည့်တွေ၊ ဇဝေဇ၀ါ အကြည့်တွေ...၊

မျက်မှန်းတန်းမိသူတွေ၊ လူသိပေမယ့် နာမည် မမှတ်မိတော့သူတွေ...၊

" အကြီးကောင်ကြီးနဲ့ တူလိုက်တာ... "

" ဗိုလ်ကြီးသား အကြီးကောင် မဟုတ်လား..."

" ဟ... နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူက ဆိုက္ကားကြီးပေါ်မှာ ဘယ်လို... "

အားလုံးကို ပဋိသန္ဓာရ အပြုံးနဲ့သာ နှုတ်ဆက်ဖြတ်ကျော်ရင်း...

ဆိုက္ကားလေးကို တတိယမြောက် လမ်းသွယ်လေးထဲ ချိုးကွေ့

နင်းဝင်လိုက်ပါတယ်။

*** *** *** *** *** *** *** *** *** *** *** ***

အဆုံး... ... ...

(၁၈)

ညနေခင်းရဲ့ လေပြေဟာ ရင်ကို တိုးဝှေ့ အေးမြစေပါတယ်။

ကောင်းကင်မှာ အိပ်တန်းပြန်ငှက်တို့ အဖွဲ့လိုက်၊ အဖွဲ့လိုက် အုပ်စုဖွဲ့

ပျံသန်းသွားကြတယ်။

ှုငှက်ကလေးတွေကို မော့ကြည့်ရင်း နှုတ်က ရွရွရွတ်ဆိုမိတယ်...။

" မင်းတို့တစ်တွေ အိမ်ပြန်နေကြသလို၊ ငါလည်း အိမ်ပြန်ရောက်တော့မှာပါ။ "

" မင်းတို့တွေ မိသားစုနဲ့ တူတူရှိနေသလို၊ ငါလည်း ငါ့မိသားစုနဲ့

တွေ့ရတော့မှာပါ...။ "


လမ်းဆုံးပါပြီ...။

တစ်နေ့တာလုံး သွားလာခဲ့တဲ့ ခရီးလမ်းကြီး ဆုံးပါပြီ။

မိုင်ထောင်နဲ့ချီပြီး သွားခဲ့ရတဲ့ ခရီးလမ်းကြီးရဲ့ အဆုံးမှာ... ... ...။

ခြံကျယ်ကြီးတစ်ခု...

အဲဒီဲ့ခြံကြီးထဲမှာ အိမ်နှစ်လုံး... ဒီဖက်က အိမ်ကြီးက အဖေတို့ အမေတို့အိမ်...၊

ဟိုဖက်ခြံစပ်မှာ... အိမ်ကလေး။

နှစ်ပေါင်းများစွာ အေးအတူ၊ ပူအမျှ နားခိုခဲ့ကြတဲ့ အိမ်ကလေး...။

အိမ်နှစ်လုံးရဲ့ ကြား ကွင်းပြင်ကျယ်ထဲမှာ လူစုစုလေး နှစ်စု...။

ကလေးလေးတွေ ၀ိုင်းထိုင်နေကြတယ်... အဲဒီကလေးဝိုင်းကို

လူကြီး လေး၊ငါးယောက်လောက်က ၀န်းရံလို့...။

တွေ့လိုက်ပါပြီ ကလေးဝိုင်းရဲ့ အလယ်မှာ...။

ကစားဝိုင်းမှာဆိုလည်း သူပဲ ဦးဆောင်သူ၊ စကားဝိုင်းမှာဆိုလည်း

သူပဲ ဦးဆောင်သူ...။

အသက်ရှင်နေထိုင်ခြင်းတို့ရဲ့ အဓိပ္ပါယ်ကို ပြည့်ဝစေသူလေး...

နောက်... ဘေးမှာ

" ငါ့သမီးလေးကို မျက်စိအောက်က အပျောက်မခံနဲ့နော်။

အရိပ်လို ကြည့်နေနော်...။ "


ဆိုတဲ့ စကားအတိုင်း တစ်သွေမတိမ်းရှိခဲ့တဲ့ ချစ်မြတ်နိုးလွန်း

လှစွာသော နှလုံးသား...။

ပြီးတော့ ခပ်လှမ်းလှမ်းမှာ... အမေ၊ အဖေ၊ အစ်မ၊ ကိုညီ နဲ့ ခိုင်ခိုင်...

တစ်အိမ်လုံးရဲ့ ဆည်းလည်းလေး ပီသစွာ အားလုံးရဲ့ အာရုံဟာ

သူကလေးဆီမှာ...။

ဆိုက္ကားပေါ်က ခုန်ဆင်းလိုက်သလား၊ ပြေးဆင်းလိုက်သလား မသိတော့ဘူး။

မြေကြီးနဲ့ အရင်ဆုံး ထိသွားတာ ဘယ်ခြေထောက်လား၊ ညာခြေထောက်လား

မမှတ်မိတော့ဘူး။

လေရဲ့ လျှင်မြန်ခြင်းမျိုးနဲ့ သူကလေးအနား...

နွမ်းနေပေမယ့် လန်းနေတဲ့ မျက်နှာလေး...၊ လန်းနေပေမယ့် နွမ်းနေတဲ့

မျက်နှာလေး...။

အမှတ်တမဲ့... ကျနော် လှမ်းလာရာဖက်ကို လှည့်ကြည့်လိုက်တယ်။

မြင်သွားပြီ...။

ကျနော့်ကို မြင်သွားတဲ့ မျက်နှာလေးဟာ ၀င်းသွားသလိုပဲ...။

ပြီးတော့ တွေတွေလေး ကြည့်နေပါတယ်။

အားလုံးလည်း သူကလေး ကြည့်ရာဆီ အကြည့်တွေကို ပို့လိုက်ကြတယ်။

မယုံကြည်နိုင်ခြင်း၊ ဝေခွဲရခက်ခြင်း၊ အံ့သြခြင်း၊ ၀မ်းသာခြင်းတို့ဟာ

အားလုံးရဲ့ မျက်ဝန်းများဆီမှာ...။

နှုတ်ထွက်စကားတို့ဟာ ဆွံ့အ၊ ဆိပ်သုန်းနေကြတယ်။

အချိန်ပေါင်းများစွာ တမ်းတခဲ့ရသူလေး...

အကြိမ်ပေါင်းများစွာ ခေါ်နေခဲ့သူလေး...

တကယ်ဆို သူကလေးဟာ ကျနော့်ရှေ့ မှာ ပေ(၁၀၀)လောက်တောင်

မဝေးတော့ပါဘူး။

ဒါပေမယ့် မိုင်တစ်ထောင်ကျော် အဝေးမှာ ရှိနေသလိုပဲ ခံစားနေရတယ်။

မျက်ဝန်းဟာ တစ်မဟုတ်ချင်း စိုလက်လို့ လာတယ်။

ရင်ဘတ်ထဲ ရှိရှိသမျှ အားအင်တွေနဲ့ အားကုန် ဟစ်အော် ခေါ်လိုက်မိတယ်...



" သမီး... ဖေဖေ လေ။ "



ရုတ်တရက်...

ဘယ်ဘက်ရင်အုံ အတွင်းပိုင်း တစ်နေရာက စူးစူးနင့်နင့် အောင့်တက်လာတယ်။

မြင်ကွင်းမှာ ဖြူကနဲ အလင်းတန်းကြီးတစ်ခု တွေ့လိုက်သလိုပဲ...။

ကောင်းကင်နဲ့ မြေကြီးဟာ ရုတ်ချည်းဆိုသလို အထက်နဲ့အောက်

လျှင်လျှင်မြန်မြန်ကြီး လည်ပတ်၊ ပြောင်းလဲသွားပါတယ်။


" ဟဲ့... ဟဲ့ သား... သား... "


" ကိုကို... အမယ်လေး ကိုကို... "


" ဟာ ကိုကြီး... ကိုကြီး... "


အသိစိတ်နဲ့ ရုပ်ခန္ဓာ ကင်းကွာမသွားခင်မှာ ၀ိုးတ၀ါး လှုပ်ရှားမှုလေးတစ်ခု...


သူကလေး ကျနော့်ဆီ တအားပြေးလာနေပြီ...။

ပြီးတော့ အသံလေး...

အနှစ်နှစ်အလလ တမ်းတမ်းတတ ကြားချင်ခဲ့လှတဲ့ အသံသေးသေးလေး...


" ဖေဖေ "



KKT

Mar 13, 2011

" Anniversary Letter "

ဒီနေ့... March 13, 2011

နှလုံးသားရဲ့ ပုံရိပ်လေး မွေးနေ့...

ဒီနှစ်လည်း သူ့အနားမှာ ရှိနေမပေးနိုင်ခဲ့ပါဘူး။

Line ပေါ်ကနေ " Happy Birthday...! " လို့ ရိုးရိုးလေးပဲ Birthday

Wish
ပေးဖြစ်ပါတယ်။

မနှစ်က ဒီနေ့... March 13, 2010

Infinity Tomorrow ဆိုတဲ့ Page လေးတစ်ခု စတင် ဖန်တီးဖြစ်ခဲ့တယ်။

ဒီ... ကိုယ်ပိုင် Page လေးဟာလည်း ခုချိန်မှာ (၁)နှစ်သားကလေး ဖြစ်ခဲ့ပါပြီ။

ဒီတစ်နှစ်တာအတွင်းမှာ...

ကိုယ်တိုင်ရေးကဗျာ (၃)ပုဒ်...၊

ကိုယ်တိုင်ရေးစာ (၃)ပုဒ်... နဲ့အတူ

ရင်ဘတ်ထဲကို ရောက်ရှိလာတဲ့ မျှဝေချင်တဲ့ စာ (၁)ပုဒ်... စုစုပေါင်း (၇)ပုဒ်

ရေးဖြစ်ခဲ့ပါတယ်။

တကယ်တော့ နှစ်တစ်နှစ်ဆိုတဲ့အချိန်ဟာ မနည်းပါဘူး။

(၁)နှစ်တာလုံးအတွက် ကျနော် ရေးနိုင်ခဲ့တဲ့ စာပမာဏကတော့

နည်းလွန်းနေတာ တွေ့ရပါတယ်။

ဒါပေမယ့်...

ကျနော့်အကြောင်း... ကျနော် အသိဆုံးပါ။

ကျနော့်ရင်ဘတ်အကြောင်းကိုလည်း ကျနော် ကောင်းကောင်း သိပါတယ်။

ကဗျာသမား၊ စာသမားဆိုတာ ကိုယ့်ရင်ဘတ်... ကိုယ် သစ္စာရှိရပါတယ်။

ရင်ဘတ်မလှုပ်ဘဲနဲ့တော့ ကဗျာတစ်လုံး၊ စာတစ်လုံးမှ ကျနော်...

ရေးမထုတ်နိုင်ပါဘူး။

ရေးဖြစ်ခဲ့ရင်လည်း အဲဒီ့စာကို ကိုယ်ကိုယ်တိုင် ပြန်မြင်ရတာတောင်

အဆင်မပြေလှပါဘူး။

အဆိုးဆုံးက...

ရင်ဘတ်ထဲက ကောင်က " ဟေ့ကောင်... လူလိမ် " လို့ လှမ်းပြီး၊

လှောင်တဲ့ဒါဏ်ကို ခံရ အခက်ဆုံးပါ။

အဖြေကတော့ ကျနော့်စာတွေ တော်တော် နည်းသွားတာပါပဲ။

ဘာပဲဖြစ်ဖြစ်...

ရင်မှ ဖြစ်ပေါ်လာတဲ့ ခံစားမှု စာစုလေးတွေကိုသာ ရေးဖွဲ့နိုင်ခဲ့တဲ့အတွက်

ကိုယ်တိုင် ကျေနပ်မိပါတယ်...။

KKT

Jan 31, 2011

" 6 Principles of Life "

1. No point using limited life to chase unlimited money.

2. No point earning so much money you cannot live to spend it.

3. No point working so hard to provide for the people you have no time to spend with.

4. Money is not yours until you spend it.

5. How happy a man is, is not how much he has but how little he needs.

6. When you are young, you use youe health to chase your wealth;
when you are old, you use your wealth to buy back your health.
Difference is that, it is too late.

ANONYMOUS


" ဘဝ အဓိပ္ပါယ် အကြောင်းရင်း (၆) ခု "

၁။ အကန့်အသတ်မရှိတဲ့ ငွေနောက်ကိုလိုက်ဖို့ ကန့်သတ်ထားတဲ့ သက်တမ်းကို အသုံးပြုခြင်းဟာ အလကားပါ။

၂။ ငွေတွေ အများကြီး ဝင်နေပြီး၊ အဲဒီ့ငွေတွေကို သုံးဖို့ ရှင်သန်မနေနိုင်ရင် အလကားပါပဲ။

၃။ သူတစ်ထူးကို ပေးကမ်းထောက်ပံ့ဖို့ရာ ပြင်းပြင်းထန်ထန် လုပ်ကိုင်ရှာဖွေပြီး၊
အတူတကွ အသုံးချဖို့ ကိုယ့်မှာ အချိန်မရှိရင်လည်း အလကားပါပဲ။

၎။ ပိုက်ဆံ ဆိုတဲ့အရာဟာ ကိုယ့်ဆီမှာ ရှိနေရင်တောင် ကိုယ် မသုံးသေးခင်အထိ ကိုယ့်ပိုက်ဆံ မဟုတ်သေးပါဘူး။

၅။ လူတစ်ယောက်ရဲ့ ပျော်ရွှင်ချမ်းမြေ့ခြင်းဆိုတာဟာ သူ့ဆီမှာ ဘယ်လောက်
အထိ ရှိပြီးပြီဆိုတာ မဟုတ်ပါဘူး။ သူ အနည်းဆုံး ဘယ်လောက်ပဲ လိုအပ်တယ်
ဆိုတာပါ။

၆။ ငယ်ရွယ်စဉ်အချိန်မှာ ကျမ်းမာခြင်းကို သုံးပြီး၊ ချမ်းသာခြင်းရဲ့နောက်ကို လိုက်ကြတယ်။ အိုမင်းရင့်ရော်လာတဲ့အခါ ချမ်းသာခြင်းကို ရင်းနှီး၊ ကျမ်းမာခြင်း
ကို ပြန်လည် ဝယ်ယူကြပြန်တယ်။ မတူညီတဲ့ ခြားနားချက် အဲဒါ၊... ... ... ... ... အရမ်း နောက်ကျသွားပြီ ဆိုတာပါပဲ။

အမည်မသိရှေးစာဆို