Aug 18, 2012
" ရင်ဘတ် နည်းနည်း ဖွင့်ပြမယ်... "
"   မြားတစ်ရာ ပစ်နိုင်တဲ့ လေး...
    တေးတစ်ထောင် ထိုးနိုင်တဲ့ တယော ဘိုး...
    အမုန်းမိုး တစ်သောင်း...
    မျက်စောင်း လျှပ်စစ်၊ တစ်ချက် ပစ်လိုက်ရုံနဲ့
    အချစ် သေဆုံးသွားတယ်...
    ခံစားကြည့်ပါ... ... ...။   "
... ... ... ... ... ... ... ... ... ... ... ... ဆိုတဲ့ အဖွဲ့မျိုး...၊
 "   ငါမမေ့၍၊ နွေနေ့တစ်ရက်၊
     ငါမြင်မက်သည်၊
     အိပ်မက်လိုလို တက္ကသိုလ်...။  "
... ... ... ... ... ... ... ... ... ... ... ...  ဆိုတဲ့ အဖွဲ့မျိုး...၊
 "   ချစ်သူ့ နှုတ်ခမ်း၊ လွမ်းလို့ နမ်းသော်
     နမ်းရာ မထင်၊ လွမ်းရာ ထင်လို့
     ရင်မှာ ငြိပြီ
     ဒဏ္ဍာရီ... ... ...။   "
... ... ... ... ... ... ... ... ... ... ... ...   ဆိုတဲ့ အဖွဲ့မျိုး...၊
အဲဒီလို အရေးအဖွဲ့မျိုးတွေကို မြင်လိုက်ရတဲ့အခါ...
အမျိုးအမည် မသိတဲ့ ဝေဒနာ တစ်ခုဟာ ရင်ကို
ဖြတ်သန်း၊ တိုက်ခတ်သွားခဲ့တယ်...။
ဒါဟာ...
ကျနော် စာတွေ၊ ကဗျာတွေ ရေးဖြစ်လာခြင်းရဲ့   အစ ပထမပါပဲ။
*** *** *** *** *** *** *** *** *** *** *** *** *** 
 လွန်ခဲ့သော ဆယ်စုနှစ် နှစ်စုကျော် ကာလများဆီက...
ဇာတိမြေ မြို့ လေးဆီမှာ...
ကိုဇာနည် (ဇာနည်ဦး)၊ ကိုသန်းဝင်း၊ သက်နိုင်ဝင်း နဲ့ ကျနော်... ဆိုတဲ့
သူငယ်ချင်းလေးယောက် စုပြီး၊ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ " လေပြေ " ဆိုတဲ့
စာရေး၊ စာဖတ်ဝိုင်းလေး တစ်ခု ရှိခဲ့ဖူးပါတယ်...။
တစ်လ...၊ တစ်လ... ထွက်သမျှ လစဉ်ထုတ် မဂ္ဂဇင်း၊ ဂျာနယ်တွေ... ဖတ်၊
ပြီးတော့... Best Seller တွေရဲ့   ၀တ္ထုတွေ... ဖတ်။
နောက်... ကိုယ်တိုင်ရေး ကဗျာတွေ...၊ စာတွေ.. ... ...
ဒီကဗျာက ဘယ်လို...၊ ဒီစာက ဘယ်လို...
ဒီဆရာရဲ့  အရေးအသား... ဒီလို ပီပြင်တာ...
ဒီဆရာမ အရေးအသားက ဒီနေရာလေး အားပျော့သွားတာ...
စသည်ဖြင့် ဝေဖန်၊ သုံးသပ်၊ အကဲဖြတ်လို့... လူတတ်ကြီးများ လုပ်ကြလို့...
ဆွေးနွေးကြ...၊ ငြင်းခုံကြ...၊
သဘောထား အမြင်တွေ ဖလှယ်ကြ... ... ...
" လဖက်ရည်ဆိုင် လေတိုက်ပွဲ " တွေ ဆင်နွှဲခဲ့ကြတယ်...။
အားလုံးရဲ့   ရင်ထဲမှာလည်း " တစ်နေ့မှာ ငါဟာ... " ဆိုတဲ့ စိတ်ကူး
အညွှန့်အဖူးလေး ကိုယ်စီနဲ့ပေါ့...။
ပထမဦးဆုံး ပီပြင်၊ အောင်မြင်သွားခဲ့သူကတော့...
စာပေကို အရူးသွပ်ဆုံး...၊
စာတွေ၊ ကဗျာတွေထဲမှာ ဘ၀ကို နှစ်မြှုတ် အထားဆုံး... ကိုဇာနည် ပါပဲ။
သူရေးတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ဟာ...
အဲဒီခေတ်၊ အဲဒီအခါက ရှိခဲ့ဖူးတဲ့ " မိုးမိုး (အင်းလျား) စာပေဆု " ပြိုင်ပွဲမှာ
နှစ်သိမ့်ဆု အဖြစ် အရွေးခံရပြီး၊ စာပေလောကရဲ့   အသိအမှတ်ပြု
ကြိုဆိုခြင်းကို ခံလိုက်ရပါတယ်...။
နောက်... သူ့ စာလေးတွေ၊ ကဗျာလေးတွေ...
မဂ္ဂဇင်းတွေမှာ ကြိုကြား၊ ကြိုကြား ပါလာပါတော့တယ်...။
ကျနော် ကိုဇာနည့် ဆီက လေ့လာ၊ သင်ယူခဲ့ရတာတွေ အများကြီးပါ...။
သူ စာတစ်ပုဒ်ကို ခံစားပုံ...၊
သူ့ အတွေးအမြင်...၊
သူ့ အရေးအသား... ... ... အများကြီး ပါပဲ။
ကိုဇာနည့်ကျတော့ ပြောင်းပြန်...
ကျနော် ရေးတဲ့ ကဗျာတွေ၊ စာတွေကို သူ ကိုယ်တိုင်ရေးတာတွေထက်
ကြိုက်ပါသတဲ့။
" မင်း စာတွေ၊ ကဗျာတွေက တစ်မျိုးပဲ...။
ရိုးတယ်၊ ရှင်းတယ်...။ သိမ်မွေ့၊ ညင်သာတယ်...။ "
" မင်း စာကို ဖတ်ရတာ... စာဖတ်ရတာနဲ့ မတူဘူး...။ "
" တစ်ခုခုကို ထင်းကနဲ၊ လင်းကနဲ ကြည့်နေ၊ မြင်နေရသလိုပဲ...။ "
" ပြီးတော့ စာပဲ ဖြစ်ဖြစ်၊ ကဗျာပဲ ဖြစ်ဖြစ်... မင်း ပေးတဲ့ Title လေးတွေ... "
" မင်း Title လေးတွေက ထူးခြားတယ်။ ညှို့ဓါတ် ပါတယ်...။ "
" တစ်ခြားလူတော့ မသိဘူးကွာ။ ငါ့ကိုတော့ Title လေး မြင်ပြီးတာနဲ့
အောက်က စာကို ဖတ်ဖို့အထိ ဆွဲခေါ်သွားတော့တာပဲ။ "
" ကြိုးစားကွာ...။
တစ်နေ့နေ့... မင်း ရေးတာတွေကို ပုံနှိတ်စာလုံးနဲ့ ငါ ဖတ်ရချင်တယ်။ "
*** *** *** *** *** *** *** *** *** *** *** *** *** 
" နာမည်ကြီး စာရေးဆရာတွေ၊ ဆရာမတွေ ဘာကြောင့် အောင်မြင်ကြလဲ...! 
သူတို့ ရေးတဲ့ ၀တ္ထုတွေ ဘာလို့ ဖတ်လို့ ကောင်းလဲ...! ခင်ဗျားတို့ သိကြလား? "  
လို့ သူငယ်ချင်းတွေ ဆုံကြတုန်း ကျနော် မေးခွန်းထုတ်ပါတယ်။
ခဏ စဉ်းစားကြ၊ တိုင်ပင်ကြတယ်။
လိုချင်တဲ့ အဖြေ၊ တိကျတဲ့ အဖြေ ရကြဟန် မတူဘူး...။ 
" ကဲ... မင်းပဲ ပြောပါဦးကွာ။ " ဆိုပြီး မေးလာတယ်။
ကျနော်က...
" ဥပမာတစ်ခုဗျာ... ၀တ္ထုတစ်ပုဒ်မှာ စာရေးဆရာဟာ ယောကျာင်္း ဖြစ်နေတယ်။
ဒါပေမယ့် မိန်းခလေးတစ်ယောက်ရဲ့   ဟန်ပန်အမူအရာ၊ နူးညံ့သိမ်မွေ့မှုတွေ
ကိုလည်း သေချာ ဖွဲ့နွဲ့ပြနိုင်တယ်ဆိုရင်...။ "
" အဲဒီလိုပဲ စာရေးဆရာမတစ်ယောက်က ဇာတ်ကောင် ယောကျာင်္းလေးရဲ့
စရိုက်လက္ခဏာ၊ စိတ်နေသဘောထားတို့ကို ပီပြင်တဲ့ အရေးအသားတွေနဲ့
ပုံဖော်နိုင်ခဲ့ရင်... ... ...။ "
ကျနော်က ပြောလည်းပြော၊ ကြည့်လည်းကြည့်လိုက်တော့...
ကိုသန်းဝင်းနဲ့ သက်နိုင်ဝင်းက ခေါင်းတစ်ငြှိမ့်ငြှိမ့်နဲ့ နားထောင်နေတာ
တွေ့လိုက်ရတယ်။
ကိုဇာနည်က မျက်ကြောတွေ ရှုံ့ သွားတဲ့အထိ သေသေချာချာ စဉ်းစားတယ်...။
ပြီးတော့ ဖြေးဖြေးလေးလေး ပြောလာတယ်...
" အကြောင်းအရာတိုင်းအတွက်၊ အခြေအနေတိုင်းအတွက်၊
အမြဲတမ်းအတွက်တော့ မမှန်ဘူးကွ။ "
 ကျနော် မျက်မှောင်ကုပ်ပြီး ကိုဇာနည့်ကို စူးစူးစိုက်စိုက် ကြည့်တယ်။
သားကြီး (သက်နိုင်ဝင်း)က " ဟာ... ... ... " ဆိုပြီး သံရှည်ဆွဲတယ်။
ကိုသန်းဝင်းက " ဟေ့ကောင် ဇာနည်။ မင်း... ... ... " ဆိုပြီး လက်ညှိုး
တစ်ထိုးထိုးနဲ့...။
ကိုဇာနည်က လက်ကာပြရင်း ကျနော့်ကို...
" ဒါပေမယ့် မင်း မေးခွန်းအတွက် မင်းကိုယ်တိုင် ဖြေတဲ့ အဖြေထက်
ပိုကောင်းတဲ့၊ ပိုတိကျပြည့်စုံတဲ့ အဖြေမျိုး၊ မင်းတွေးတဲ့ အတွေးမျိုးလည်း
ငါ့မှာ မရှိဘူး...။ "
" ယေဘုယျအားဖြင့်ပေါ့ကွာ...။ ရာခိုင်နှုန်းအားဖြင့်ဆိုရင် ခုနစ်ဆယ်၊
ခုနစ်ဆယ့်ငါးပေါ့...။ " မင်း အဖြေ... ဂုဏ်ထူးမှတ်ပါ။ "
ဒီတော့မှ ကျနော်တို့လည်း ပြုံးနိုင်တော့တယ်...။
တခါက...
" သို့... သည်းဦးသခင် " ဆိုတဲ့ ၀တ္ထုတိုမက၊ ၀တ္ထုလတ်မကျ
ခံစားမှုလေးတစ်ခု ပြုစုဖူးပါတယ်။
အဲဒါလေးကို သူတို့တွေ ပေးဖတ်ဖြစ်တော့...
ဟိုနှစ်ယောက်က " မင်း စာကို ငါတို့ ပြောတော့ ပြောချင်တယ်။
ဒါပေမယ့် ပြောလို့ မတတ်ဘူး ဖြစ်နေတယ်။
ဇာနည်... မင်း ပြောကွာ။ " ဆိုပြီး ဘော်လုံး ပုတ်ပါတယ်...။
ကိုဇာနည်က...
" မင်း ပြောခဲ့သလိုပေါ့ကွာ...။
မင်းဟာ ယောကျာင်္းကြီးဆိုတာ ငါတို့သိပြီးသား...။
မင်းကို မသိတဲ့ စာဖတ်သူတွေ ဆိုရင်လည်း မင်း ကလောင်အမည်
မြင်တာနဲ့ မင်းဟာ ယောကျာင်္းတစ်ယောက်မှန်း သိမှာပဲ...။
ဒါပေမယ့် မင်း ရေးတဲ့ စာမှာ ကောင်မလေးနေရာက အရေးအသား၊
အပြောအဆို၊ စိတ်ခံစားမှုတွေဟာ ပီပြင်၊ ပေါ်လွင်လွန်းနေတယ်။
ဝတ္ထုကောင်းလေး တစ်ပုဒ်ပါ...။ " လို့ မှတ်ချက်ပြုတယ်။
" အဲဒါ... အဲဒါ...။ ငါတို့ ပြောချင်တာ အဲဒါ... " ဆိုပြီး ဟိုလူတွေလည်း
အားတက်သရော ထောက်ခံကြတယ်...။
ကျနော်က...
"  အဲဒါတွေက အတုတွေမှ မဟုတ်တာ ကိုဇာနည်ရယ်။ ပီပြင်မှာပေါ့...။ "
လို့ စိတ်ထဲကပဲ တိုးတိုးညှင်းညှင်းလေး  ပြန်ပြောဖြစ်ခဲ့ပါတယ်...။
*** *** *** *** *** *** *** *** *** *** *** *** ***
ကဗျာသမား၊ စာသမား စစ်စစ်ဆိုရင် စည်းကမ်း မရှိရဘူး လို့ 
ဘယ်ပညာရှင်ကများ အဆိုအမိန့် ရှိခဲ့သလဲ မသိပါဘူးဗျာ...။ 
ကျနော့်ဘ၀မှာ ကျနော်ကိုယ်တိုင်ရေးပြီး၊ ကျနော်ကိုယ်တိုင် ပြန်လိုချင်ခဲ့တဲ့ 
ကဗျာလေးတွေ ရှိခဲ့ပါတယ်။
မခွဲနိုင်၊ မခွါရက် ရည်းစားလေးကို ရန်ကုန် ဘူတာကြီးမှာ မျက်ရည်စက်လက်နဲ့ 
ထားခဲ့ရပြီး၊ ရထားပေါ်မှာ ရေးဖြစ်ခဲ့တဲ့ ... " ခွဲခွါချိန် " ဆိုတဲ့ ကဗျာလေး...။
... နာရီသံ ခြောက်ချက်ဟာ
    အိပ်စက်ခြင်းကို နှောက်ယှက်
    မကြာခင် နောက်တစ်ရက် လာတော့မယ် ... ... ... 
ခေတ်စနစ်၊ အခြေအနေတွေကြောင့် မပြီးသေးတဲ့ ပညာရေးခရီးကို 
ချစ်ဇနီးလေးခမြာ မဟာရန်ကုန်မှာ သွားရောက် အဆုံးသတ်စဉ်ခါ
ဖြစ်ပေါ်လာခဲ့တဲ့ " ဥပက္ခာ အိမ်သူ တမ်းချင်း " ကဗျာလေး...
... အိမ်အပြန် တံခါးဝက ကြိုနေ
    အမေပြောတဲ့ အမောပြေလေးရေ
    လွမ်းလှချည်ရဲ့ ကွယ်... ... ...
နောက်... ဆရာ ကိုဆွေ (ပြည်) ရဲ့   ၀တ္ထုတစ်ပုဒ်ကို ခံစားပြီး ပြန်လည်
ဆန်းသစ်ခဲ့တဲ့ " နာတာရှည် " ကဗျာ...
... အို...! 
    အပြင်က ကောင်းကင်
    (ရှိုက်ကြီးတငင်) ငိုပြန်ပါပကော... ... ...
အဲဒီ... အဲဒီကဗျာလေးတွေကို ကျနော် ကိုယ်တိုင်တောင်
ပြန်မရနိုင်တော့ပါဘူး...။
*** *** *** *** *** *** *** *** *** *** *** *** *** 
ကျနော့်ရဲ့    ဒီ page လေးဆီကို...
မတော်တဆ သော်လည်းကောင်း...၊
မျက်စိလည်၊ လမ်းမှားပြီး သော်လည်းကောင်း...၊
တစ်ခေါက်၊ တစ်ခါ ရောက်လာဖူး၍၊ သော်လည်းကောင်း...၊
အကြောင်းပေါင်းများစွာနဲ့ ရောက်ရှိလာခဲ့ကြသူများ ခင်ဗျား... ... ...
ကျနော့်စာတွေ လာရောက် ဖတ်ရှု၊ ခံစားသူတွေကို (၁)နှစ်မှာ တစ်ကြိမ်တော့
စကားပြောမယ် လို့ Idea လေး ရှိခဲ့ပေမယ့် ဒီ page လေး (၂)နှစ်
ပြည့်ချိန်မှာ ဘာစကားမှ မပြောဖြစ်ခဲ့ပါဘူး။
 " ရင်ဘတ် မလှုပ်ရင် စာတစ်လုံးမှ ရေးမရ.. " ဆိုတာ သိရှိပြီး၊ နားလည်ပြီး၊
သည်းခံပေးခဲ့သူများကိုလည်း နောက်အခေါက်၊ နောက်အခေါက်တွေမှာလည်း
ဒီ Page ပဲ...၊ ဒါလေးပဲ...၊ အသစ် မထွက်၊ အသစ် မတက်လေတော့
ဒီတစ်သက်... ဒီရင်ဘတ် လှုပ်မှ လှုပ်ပါတော့မလား...! ရယ်လို့လည်း
အထင်မမှားစေလိုပါဘူး...။
တကယ်တော့ ကျန်ခဲ့တဲ့  March 13, 2012 က ကဗျာလေး တစ်ပုဒ် စပျိုး
ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ပထမဆုံး တစ်ပိုဒ်ပဲ စိတ်တိုင်းကျခဲ့ပြီး၊ နောက်ထပ်ရလာသမျှဟာ 
ဘယ်လိုမှ အတွဲအစပ် မလှပသလို ခံစားရပါတယ်...။ အဲဒါကြောင့် Draft 
အနေနဲ့ သိမ်းထားခဲ့တာ ဒီနေ့၊ ဒီရက် ရောက်တဲ့ အထိပါပဲ...။
ဒီနေ့လေးမှာ... (ကဗျာလေးရဲ့   အမည်ကလည်း " ဒီနေ့လေးမှာ... " ပါပဲ။)
တွေးမိတာ တစ်ခုက ဒီလောက် အချိန် အကြာကြီးတောင် ထပ်မရတော့ 
ဒီအတိုင်းလေး ရှိစေလိုလို့ပဲ ဆိုတာပါ။  ဒါနဲ့ပဲ...
" ဒီနေ့လေးမှာ... " ကို ဒီနေ့လေးမှာ ဒီအတိုင်းလေးပဲ တင်ပေးလိုက်ပါတယ်။
အမှတ်တရတွေကို တအား စွဲလန်း၊ မက်မောတတ်သူ ကျနော့်အတွက်တော့ 
သူ့မွေးနေ့မှာ ရေးဖြစ်ခဲ့တာလေးကို ကျနော့်မွေးနေ့မှာ တင်ဖြစ်သွားတာက 
အမှတ်တရ တစ်ခု ဖြစ်ခဲ့ရပြန်ပါတယ်...။
အခု...
ပုရစ်ဖူးတို့ နုသစ်စ...၊  
Teenager ဘ၀က ရေးခဲ့တဲ့ ကဗျာလေး နှစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်။
ဒီကဗျာလေးတွေကို ပြန်ဖတ်မိတဲ့အခါ...
ရှက်သလိုလို...
ရယ်ချင်သလိုလို...
မရဲတရဲ စိတ်ကလေးတွေ ဖြစ်မိပါသေးတယ်...။ အဲဒါနဲ့အတူ...
ဆယ်ကျော်သက်ကလေး တစ်ယောက်ရဲ့   နုပျိုလန်းဆန်းမှုမျိုး...၊
ရင်သိမ့်တုန် လှုပ်ရှားမှုမျိုးကိုလည်း ပြန်လည် ရရှိသွားသလို ဆိုတာ... .... ...။
" ချစ်သူ "
နှလုံးသားနဲ့ ရွေးချယ်ဖြစ်ခဲ့
(တယစ်ယစ်) ရီဝေလာစေတယ်
အကြင်နာတွေ စုမိသမျှ
ဆန္ဒများလည်း လှိုင်နေဆဲတော့
ကြည်လင်တဲ့ မိုးကောင်းကင်ကြီးပါပဲ...။
" နှလုံးသား ကဗျာ "
*  ရင်ခုန်သံ ရှိမယ်
    အချစ် ရှိမယ်
    စိတ်ကူး ရှိမယ်
    အိပ်မက် ရှိမယ်
    ပျော်ရွှင်မှု ရှိမယ်
    ကြင်နာခြင်း ရှိမယ်
    နာကျင်ခြင်း ရှိမယ်
    သစ္စာ ရှိတယ်...။ 
*   စွဲလန်းတာ ပါမယ်
     တမ်းတတာ ပါမယ်
     လွမ်းရတာ ပါမယ်...။
  လောဘ ကင်းတယ်
     ဒေါသ ကင်းတယ်
     မောဟ ကင်းတယ်
     သောက ရှင်းတယ်...။
  ဖြူစင်၏
     ရင်မှာ ရှိသည်
     အမုန်းတရားမဲ့
    နှလုံးသားရဲ့   ကဗျာ... ... ...။
KKT
No comments:
Post a Comment