Jul 7, 2016

" ခွန်းချိုသာ "



မင်္ဂလာပါခင်ဗျာ...

ပထမဦးစွာ...

ရခဲလှတဲ့ လူ့ဘ၀မှာ ဒီရုပ်၊ ဒီခန္ဓာ၊ ဒီစိတ်ထားနဲ့ ဒီသားကို မွေးဖွါးပေးခဲ့တဲ့...

(လွန်သွားရှာပြီ ဖြစ်တဲ့) အနန္ဒကျေးဇူးရှင် အဖေနဲ့

ဘ၀တစ်လျှောက်လုံး ပေးဆပ်၊ ဖြည့်ဆည်းသူအဖြစ်သာ
နေခဲ့၊ နေဆဲ၊ နေသွားတော့မယ် အမေ့ကို ကန်တော့ပါတယ်။

ပြီးတော့...

KKT ကို ပိုက်ဆံလမ်းပေါ် ရောက်အောင် ပို့ပေးခဲ့တဲ့ အစ်မ မခင်ညိုလွင်ကိုလည်း
ကျေးဇူးတင်၊ ကန်တော့ပါတယ်။

တကယ်တော့...

ကိုယ့်ရေကိုယ့်မြေမှာတောင် ညဥ့်အိပ်ညဥ့်နေ ခရီးမသွားဘူးတဲ့ လူတစ်ယောက်...၊

မိသားစုသံယောဇဉ် ကြီးမားလွန်းသူတစ်ယောက်အဖို့

ရပ်ဝေးမြေခြားမှာ ဆယ်စုနှစ်တစ်စုကျော်ဆိုတဲ့ အချိန်ကို တစ်ဦးတည်း
ဖြတ်သန်းလွန်မြောက်နိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။

ဒါပေမယ့်...

ဒီလူဟာ တကယ် ရောက်ရှိခဲ့ပါတယ်။

ဒါတွေဟာ တကယ် ဖြစ်ပျက်ခဲ့ပါတယ်။ နောက်...

အားလုံးဟာ တကယ် ပြီးဆုံးသွားခဲ့ပါပြီ...။

ပိုက်ဆံမရှိခြင်းရဲ့ ဒါဏ်ကို အလူးအလဲ ခံစားခဲ့ရတဲ့၊ ပိုက်ဆံတစ္ဆေခြောက်ခံခဲ့ရတဲ့ သူ...

ပိုက်ဆံရှာနိုင်တဲ့ အချိန်မှာ ပိုက်ဆံနောက်ကို သဲကြီးမဲကြီးလိုက်ရင်း...

ပိုက်ဆံရဲ့ ချည်နှောင်ခြင်းက ရုန်းမထွက်နိုင်ခဲ့တဲ့ လူ...

" လေးနှစ် " လို့ (ကိုယ်တိုင်) ကြွေးကြော်ပြီး ထွက်လာခဲ့တာဟာ...

အသက်(၄၀)ကို လတော်တော်များများတောင် စွန်းသွားခဲ့ရပါတယ်။

" ခွဲနေသင့်တဲ့အချိန်မှာ ခွဲမနေနိုင်ခဲ့လို့...၊

အတူရှိနေရမယ့်အခါ အတူရှိနေခွင့်မရခဲ့တာ... " လို့ပဲ (နာနာကျင်ကျင်)

ခံစား၊ မှတ်ယူလိုက်ပါတော့တယ်။

ဒီဆယ်နှစ်ကျော်ကာလအတွက် ကျနော် ကျေးဇူးအထူးတင်ရမယ့်သူ နှစ်ဦး

ရှိပါတယ်။

သူတို့နှစ်ယောက်လုံးဟာ ကျနော့်လိုပဲ 75 Born တွေ ဖြစ်ကြပြီးတော့

ကျနော့်ထက် လ,ပိုင်းလေးတွေပဲ အသက်ကြီးကြသူတွေဖြစ်တဲ့

ကိုဖြူလုံး (KaungKoKo) နဲ့ ကိုကျော်ဝင်းအောင် (Kyaw Wa) တို့ပါ။

သူတို့နှစ်ယောက် ကျနော့်အပေါ် ဘယ်လိုတွေ ကောင်းခဲ့တယ်၊
ဘယ်လောက်ထိ ကောင်းခဲ့တယ်ဆိုတာ သီးသန့် စာတစ်စောင်၊ ပေတစ်ဖွဲ့

ရေးပြမှ ပြည့်စုံ၊ လုံလောက်နိုင်မှာပါ။

" လူကောင်းတစ်ယောက် ဒုက္ခမရောက်ဖို့...၊ ဒုက္ခရောက်ခဲ့တယ် 

ဆိုရင်လည်း (ရောက်ခဲ့တဲ့ ဒုက္ခတွေ) အတတ်နိုင်ဆုံး သက်သာ၊

လျော့ပါးစေဖို့ရာ...  သမ္မာဒေ၀ နတ်မြတ်နတ်ကောင်းတွေက ဒီလူနှစ်ယောက်ကို 

ဒီကျွန်းလေးပေါ်ကို ကျနော့်ထက်အရင် ပို့ဆောင်နှင့်တယ် " လို့ပဲ

တွေးမိပါတယ်။

 " KKT ၀ဋ်နဲ့ PSA ၀ဋ်ကို ဒီဘ၀ ဒီမှာ အကုန် ကျေအောင်ဆပ်မယ် "

ဆိုတဲ့ ကိုဖြူလုံး၊

ကျနော် ၀မ်းနည်းတိုင်း...၊ ကျနော် ပေါက်ကွဲတိုင်း...၊ ကျနော်

အခက်အခဲကြုံတွေ့တိုင်း... စာနာနားလည်စွာနဲ့ အရာရာအစစ

စွမ်းသမျှ ကူညီဖေးမခဲ့တဲ့ ကိုကျော်ဝင်းအောင်။

TPC မှာ ဖြူလုံး မရှိတော့လို့ အလုပ်ထွက်ပြီး ပြန်သွားဖို့အထိတောင်

ငေါင်ခဲ့ဖူးသလို၊

SRD1 မှာ ကျော်ဝင်းအောင် မရှိတော့ရင် ကျနော်လည်း ဒီအလုပ်မှာ

ဆက်ရှိနေနိုင်ဖို့ အတော် ခက်ခဲသွားပါလိမ့်မယ်...။

အင်မတန် ပေါင်းရသင်းရခက်တဲ့ ဒီ...ဘုဂလန့်၊ လူ့ခွစာကောင်မှာ

ခင်ရာမင်ကြောင်းကို တစ်အားတောင့်တတတ်တဲ့ အတွင်းစိတ်အဇ္ဇတ္တတစ်ခု

ရှိနေခဲ့တာသူတို့နှစ်ယောက်တောင် မသိခဲ့ပါဘူး။

ဘာပဲဖြစ်ဖြစ် ဆယ်နှစ်စာမှာ မိတ်ဆွေရင်းခြာနှစ်ယောက် ရလိုက်တာဟာ
ကျနော့်အတွက်တော့ မဟာအမြတ်ကြီးပါ။

သူတို့နှစ်ဦးလိုပဲ KKT အပေါ် ကျေးဇူးရှိခဲ့သူတွေ၊ ကျေးဇူးကြီးခဲ့ကြသူတွေဖြစ်တဲ့...

* စင်္ကာပူကျွန်းပေါ်မှာ KKT ကို ဗမာသံနဲ့ ပထမဆုံး လာနှုတ်ဆက်သူ...
အဲဒီ့နောက် တောက်လျှောက် လုပ်ငန်းခွင်တူ... KKT အကြောင်းကို

(စိတ်ဓါတ်က အစ)ကောင်းကောင်းသိတဲ့... အကိုကြီး ဦးအောင်စိုး၊

* ဗမာပြည် Interview ကာလတည်းက စတင်သိခဲ့ကြပြီး၊

လေယာဉ်တစ်စီးတည်း၊ တစ်အိမ်တည်း၊ တစ်ခန်းတည်း နေခဲ့ဖူးတဲ့

လုပ်ငန်းခွင်တူ ညီငယ် နေလင်း၊

* နောက်ထပ်... တစ်အိမ်တည်း၊ တစ်ခန်းတည်း နေခဲ့ဖူးတဲ့၊

လေယာဉ်တစ်စီးတည်း အတူ လာခဲ့ကြတဲ့အဖွဲ့မှာ အသက်အငယ်ဆုံးနဲ့

PSA ကို ပထမဆုံး နှုတ်ဆက်သွားတဲ့စိတ်သဘောထားကောင်းတဲ့၊

ကူညီတတ်တဲ့... ညီငယ် မောင်သူရ @ သူရအောင်၊

* KKT ရဲ့ ပထမဖုန်းနံပါတ်လေးကို လိုင်းလျှောက်ပေးခဲ့တဲ့ ညီငယ်

ကိုဇေယျာ@ဇေယျာလင်း၊

* တစ်အိမ်တည်း အတူတူ နေခဲ့ကြဖူးတဲ့ ကိုအောင်ဇော်လတ် နဲ့ 

ကိုဝင်းဇော်ထွန်း (ခ) ဆရာကျောင်း၊

* KKT အပေါ် အစွမ်းကုန် (အစွမ်းတွေ ကုန်သွားသည်အထိ) သည်းခံ၊

အတူနေသွားတဲ့ လူပျိုကြီး ကိုတင့် @ ကိုမျိုးတင့်နိုင်၊

* (၁၁)လလောက် တစ်အိမ်တည်း အတူနေဖြစ်ခဲ့တဲ့... အရမ်း အနေအေး၊
 
အရမ်း အကူအညီပေးတတ်တဲ့ ကိုသန့်ဇင် @ သန့်ဇင်ဦး တို့ ဇနီးမောင်နှံ၊

* ဘေးအိမ်ခန်းက ကိုသင် @ ကိုခင်မောင်သင် နဲ့...

* ဗမာပြည်မှာ ပြန်နားနေပြီဖြစ်တဲ့... တစ်အား ပြည့်ဝတဲ့၊ တစ်အား

ဖြည့်ဆည်းတတ်တဲ့ ဆရာသိန်း @ ကိုသိန်းဇော်ဝင်း တို့ကိုလည်း

အထူး ကျေးဇူးတင်မိကြောင်း (မမေ့မလျော့) ပြောကြားလိုပါတယ်... ... ...။

ကျနော်တို့ ခရီးတွေ သွားခဲ့ကြတယ်...။ 

ခရီးတွေ သွားနေကြတယ်...။

နောက်လည်း သွားနေကြရဦးမှာပါပဲ...။

(၂၀၀၅)ခုနှစ်၊ ဒီဇင်ဘာ(၁၂)ရက်က စခဲ့တဲ့ ကျနော်ရဲ့  

" နိုးနေစဉ်မက်တဲ့ အိပ်မက် " ခရီးရှည်ကြီးဟာ မကြာခင်

ရက်ပိုင်းမှာ ပြီးဆုံးပါတော့မယ်။

ကျနော်ကိုယ်တိုင် တရှိုက်မက်မက် မက်ခဲ့တဲ့ ဒီအိပ်မက်ကြီးထဲမှာ

ကျနော်နဲ့အတူ နှစ်ရှည်လများ လိုက်ပါစီးမျောခဲ့ကြသူတွေကို

ကျေးဇူးအထူးတင်ပါတယ်။

ကျနော် လာခဲ့ပါတယ်...။ ကျနော် ပြန်ပါတော့မယ်...။

မိသားစုအတွက်ပဲ ပိုက်ဆံတွေ ရှိရာ လာခဲ့ရတာပါ။

ခုတော့... ပိုက်ဆံတွေကို စွန့်ခွါပြီး မိသားစုဆီ ပြန်ဖို့ရာ အချိန်တန်ပါပြီ။

စင်္ကာပူဟာ တိုက်ပွဲတစ်ခု... " ဒီတိုက်ပွဲကို နိုင်အောင် မတိုက်နိုင်ခဲ့ဘူး 

ဆိုရင်တောင် အောင်မြင်စွာ ဆုတ်ခွါတယ် " လို့ပဲ ကိုယ်တိုင် ခံယူမိပါတယ်။

ကျနော် အားလုံးကို နှုတ်ဆက်ပါတယ်။ သိကျွမ်းခဲ့သူတွေ၊ ခင်မင်ခဲ့သူတွေ၊
ရင်းနှီးခဲ့သူတွေ အားလုံး၊ အားလုံးကိုပါ...။

ကျနော့်လိုပဲ အိမ်နဲ့ ဝေးခဲ့ကြသူတွေ... အိမ်နဲ့ ဝေးနေဆဲသူတွေ...

ကျနော့်လိုပဲ အိမ်ပြန်ခရီး နီးကြပါစေ...

ကျနော့်ထက်ပိုပြီး အိမ်ပြန်ခရီး နီးကြပါစေ... လို့
ဆုတောင်းပေးလိုက်ပါတယ်။

နွေးထွေးလုံခြုံမှုတွေ ပြည့်စုံနေတဲ့ အိမ်...

ငြိမ်းချမ်းအေးမြခြင်းတွေ ပြည့်ဝနေတဲ့ အိမ်...

ရင်ခုန်ကြင်နာခြင်းတွေနဲ့ ထုံမွှန်းထားတဲ့ အိမ်...

ချစ်ခြင်းမေတ္တာအကြောင်းတွေ အဆုံးမဲ့ ဖော်ညွှန်းပြမယ့် အိမ်...

ဒီမြေကမ္ဘာမှာ ကျနော့်အတွက် အဓိပ္ပါယ်အရှိဆုံးသော အိမ်...

ကျနော်ရဲ့ တကယ့်အိမ်ကို ပြန်ပါတော့မယ်ခင်ဗျာ... ... ...။


ကျော်ကျော်သက်(နွေးကို)

[စင်္ကာပူကျွန်းပေါ်မှာ ကျနော့်ကို ကိုယ်တိုင်တွေ့ဆုံ၊

နှုတ်ဆက်လိုသူတွေအတွက် ကျနော့်နံပါတ် (9347 7188) ကို

တင်ပေးလိုက်ပါတယ်။ ကျနော် ဒီနံပါတ်မှာ (၁၃)ရက်နေ့...

ည(၉)နာရီအထိ ရှိနေပါမယ်။ နောက်တစ်နေ့... July 14 မှာတော့

မနက်စောစောတည်းက ကျနော် Changi ထဲ ရောက်နေပါလိမ့်မယ်။]




No comments:

Post a Comment