Jul 7, 2016
" ခွန်းချိုသာ "
မင်္ဂလာပါခင်ဗျာ...
ပထမဦးစွာ...
ရခဲလှတဲ့ လူ့ဘ၀မှာ ဒီရုပ်၊ ဒီခန္ဓာ၊ ဒီစိတ်ထားနဲ့ ဒီသားကို မွေးဖွါးပေးခဲ့တဲ့...
(လွန်သွားရှာပြီ ဖြစ်တဲ့) အနန္ဒကျေးဇူးရှင် အဖေနဲ့
ဘ၀တစ်လျှောက်လုံး ပေးဆပ်၊ ဖြည့်ဆည်းသူအဖြစ်သာ
နေခဲ့၊ နေဆဲ၊ နေသွားတော့မယ် အမေ့ကို ကန်တော့ပါတယ်။
ပြီးတော့...
KKT ကို ပိုက်ဆံလမ်းပေါ် ရောက်အောင် ပို့ပေးခဲ့တဲ့ အစ်မ မခင်ညိုလွင်ကိုလည်း
ကျေးဇူးတင်၊ ကန်တော့ပါတယ်။
တကယ်တော့...
ကိုယ့်ရေကိုယ့်မြေမှာတောင် ညဥ့်အိပ်ညဥ့်နေ ခရီးမသွားဘူးတဲ့ လူတစ်ယောက်...၊
မိသားစုသံယောဇဉ် ကြီးမားလွန်းသူတစ်ယောက်အဖို့
ရပ်ဝေးမြေခြားမှာ ဆယ်စုနှစ်တစ်စုကျော်ဆိုတဲ့ အချိန်ကို တစ်ဦးတည်း
ဖြတ်သန်းလွန်မြောက်နိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။
ဒါပေမယ့်...
ဒီလူဟာ တကယ် ရောက်ရှိခဲ့ပါတယ်။
ဒါတွေဟာ တကယ် ဖြစ်ပျက်ခဲ့ပါတယ်။ နောက်...
အားလုံးဟာ တကယ် ပြီးဆုံးသွားခဲ့ပါပြီ...။
ပိုက်ဆံမရှိခြင်းရဲ့ ဒါဏ်ကို အလူးအလဲ ခံစားခဲ့ရတဲ့၊ ပိုက်ဆံတစ္ဆေခြောက်ခံခဲ့ရတဲ့ သူ...
ပိုက်ဆံရှာနိုင်တဲ့ အချိန်မှာ ပိုက်ဆံနောက်ကို သဲကြီးမဲကြီးလိုက်ရင်း...
ပိုက်ဆံရဲ့ ချည်နှောင်ခြင်းက ရုန်းမထွက်နိုင်ခဲ့တဲ့ လူ...
" လေးနှစ် " လို့ (ကိုယ်တိုင်) ကြွေးကြော်ပြီး ထွက်လာခဲ့တာဟာ...
အသက်(၄၀)ကို လတော်တော်များများတောင် စွန်းသွားခဲ့ရပါတယ်။
" ခွဲနေသင့်တဲ့အချိန်မှာ ခွဲမနေနိုင်ခဲ့လို့...၊
အတူရှိနေရမယ့်အခါ အတူရှိနေခွင့်မရခဲ့တာ... " လို့ပဲ (နာနာကျင်ကျင်)
ခံစား၊ မှတ်ယူလိုက်ပါတော့တယ်။
ဒီဆယ်နှစ်ကျော်ကာလအတွက် ကျနော် ကျေးဇူးအထူးတင်ရမယ့်သူ နှစ်ဦး
ရှိပါတယ်။
သူတို့နှစ်ယောက်လုံးဟာ ကျနော့်လိုပဲ 75 Born တွေ ဖြစ်ကြပြီးတော့
ကျနော့်ထက် လ,ပိုင်းလေးတွေပဲ အသက်ကြီးကြသူတွေဖြစ်တဲ့
ကိုဖြူလုံး (KaungKoKo) နဲ့ ကိုကျော်ဝင်းအောင် (Kyaw Wa) တို့ပါ။
သူတို့နှစ်ယောက် ကျနော့်အပေါ် ဘယ်လိုတွေ ကောင်းခဲ့တယ်၊
ဘယ်လောက်ထိ ကောင်းခဲ့တယ်ဆိုတာ သီးသန့် စာတစ်စောင်၊ ပေတစ်ဖွဲ့
ရေးပြမှ ပြည့်စုံ၊ လုံလောက်နိုင်မှာပါ။
" လူကောင်းတစ်ယောက် ဒုက္ခမရောက်ဖို့...၊ ဒုက္ခရောက်ခဲ့တယ် 
ဆိုရင်လည်း (ရောက်ခဲ့တဲ့ ဒုက္ခတွေ) အတတ်နိုင်ဆုံး သက်သာ၊
လျော့ပါးစေဖို့ရာ...  သမ္မာဒေ၀ နတ်မြတ်နတ်ကောင်းတွေက ဒီလူနှစ်ယောက်ကို 
ဒီကျွန်းလေးပေါ်ကို ကျနော့်ထက်အရင် ပို့ဆောင်နှင့်တယ် " လို့ပဲ
တွေးမိပါတယ်။
 " KKT ၀ဋ်နဲ့ PSA ၀ဋ်ကို ဒီဘ၀ ဒီမှာ အကုန် ကျေအောင်ဆပ်မယ် "
ဆိုတဲ့ ကိုဖြူလုံး၊
ကျနော် ၀မ်းနည်းတိုင်း...၊ ကျနော် ပေါက်ကွဲတိုင်း...၊ ကျနော်
အခက်အခဲကြုံတွေ့တိုင်း... စာနာနားလည်စွာနဲ့ အရာရာအစစ
စွမ်းသမျှ ကူညီဖေးမခဲ့တဲ့ ကိုကျော်ဝင်းအောင်။
TPC မှာ ဖြူလုံး မရှိတော့လို့ အလုပ်ထွက်ပြီး ပြန်သွားဖို့အထိတောင်
ငေါင်ခဲ့ဖူးသလို၊
SRD1 မှာ ကျော်ဝင်းအောင် မရှိတော့ရင် ကျနော်လည်း ဒီအလုပ်မှာ
ဆက်ရှိနေနိုင်ဖို့ အတော် ခက်ခဲသွားပါလိမ့်မယ်...။
အင်မတန် ပေါင်းရသင်းရခက်တဲ့ ဒီ...ဘုဂလန့်၊ လူ့ခွစာကောင်မှာ
ခင်ရာမင်ကြောင်းကို တစ်အားတောင့်တတတ်တဲ့ အတွင်းစိတ်အဇ္ဇတ္တတစ်ခု
ရှိနေခဲ့တာသူတို့နှစ်ယောက်တောင် မသိခဲ့ပါဘူး။
ဘာပဲဖြစ်ဖြစ် ဆယ်နှစ်စာမှာ မိတ်ဆွေရင်းခြာနှစ်ယောက် ရလိုက်တာဟာ
ကျနော့်အတွက်တော့ မဟာအမြတ်ကြီးပါ။
သူတို့နှစ်ဦးလိုပဲ KKT အပေါ် ကျေးဇူးရှိခဲ့သူတွေ၊ ကျေးဇူးကြီးခဲ့ကြသူတွေဖြစ်တဲ့...
* စင်္ကာပူကျွန်းပေါ်မှာ KKT ကို ဗမာသံနဲ့ ပထမဆုံး လာနှုတ်ဆက်သူ...
အဲဒီ့နောက် တောက်လျှောက် လုပ်ငန်းခွင်တူ... KKT အကြောင်းကို
(စိတ်ဓါတ်က အစ)ကောင်းကောင်းသိတဲ့... အကိုကြီး ဦးအောင်စိုး၊
* ဗမာပြည် Interview ကာလတည်းက စတင်သိခဲ့ကြပြီး၊
လေယာဉ်တစ်စီးတည်း၊ တစ်အိမ်တည်း၊ တစ်ခန်းတည်း နေခဲ့ဖူးတဲ့
လုပ်ငန်းခွင်တူ ညီငယ် နေလင်း၊
* နောက်ထပ်... တစ်အိမ်တည်း၊ တစ်ခန်းတည်း နေခဲ့ဖူးတဲ့၊
လေယာဉ်တစ်စီးတည်း အတူ လာခဲ့ကြတဲ့အဖွဲ့မှာ အသက်အငယ်ဆုံးနဲ့
PSA ကို ပထမဆုံး နှုတ်ဆက်သွားတဲ့စိတ်သဘောထားကောင်းတဲ့၊
ကူညီတတ်တဲ့... ညီငယ် မောင်သူရ @ သူရအောင်၊
* KKT ရဲ့ ပထမဖုန်းနံပါတ်လေးကို လိုင်းလျှောက်ပေးခဲ့တဲ့ ညီငယ်
ကိုဇေယျာ@ဇေယျာလင်း၊
* တစ်အိမ်တည်း အတူတူ နေခဲ့ကြဖူးတဲ့ ကိုအောင်ဇော်လတ် နဲ့ 
ကိုဝင်းဇော်ထွန်း (ခ) ဆရာကျောင်း၊
* KKT အပေါ် အစွမ်းကုန် (အစွမ်းတွေ ကုန်သွားသည်အထိ) သည်းခံ၊
အတူနေသွားတဲ့ လူပျိုကြီး ကိုတင့် @ ကိုမျိုးတင့်နိုင်၊
* (၁၁)လလောက် တစ်အိမ်တည်း အတူနေဖြစ်ခဲ့တဲ့... အရမ်း အနေအေး၊
အရမ်း အကူအညီပေးတတ်တဲ့ ကိုသန့်ဇင် @ သန့်ဇင်ဦး တို့ ဇနီးမောင်နှံ၊
* ဘေးအိမ်ခန်းက ကိုသင် @ ကိုခင်မောင်သင် နဲ့...
* ဗမာပြည်မှာ ပြန်နားနေပြီဖြစ်တဲ့... တစ်အား ပြည့်ဝတဲ့၊ တစ်အား
ဖြည့်ဆည်းတတ်တဲ့ ဆရာသိန်း @ ကိုသိန်းဇော်ဝင်း တို့ကိုလည်း
အထူး ကျေးဇူးတင်မိကြောင်း (မမေ့မလျော့) ပြောကြားလိုပါတယ်... ... ...။
ကျနော်တို့ ခရီးတွေ သွားခဲ့ကြတယ်...။ 
ခရီးတွေ သွားနေကြတယ်...။
နောက်လည်း သွားနေကြရဦးမှာပါပဲ...။
(၂၀၀၅)ခုနှစ်၊ ဒီဇင်ဘာ(၁၂)ရက်က စခဲ့တဲ့ ကျနော်ရဲ့  
" နိုးနေစဉ်မက်တဲ့ အိပ်မက် " ခရီးရှည်ကြီးဟာ မကြာခင်
ရက်ပိုင်းမှာ ပြီးဆုံးပါတော့မယ်။
ကျနော်ကိုယ်တိုင် တရှိုက်မက်မက် မက်ခဲ့တဲ့ ဒီအိပ်မက်ကြီးထဲမှာ
ကျနော်နဲ့အတူ နှစ်ရှည်လများ လိုက်ပါစီးမျောခဲ့ကြသူတွေကို
ကျေးဇူးအထူးတင်ပါတယ်။
ကျနော် လာခဲ့ပါတယ်...။ ကျနော် ပြန်ပါတော့မယ်...။
မိသားစုအတွက်ပဲ ပိုက်ဆံတွေ ရှိရာ လာခဲ့ရတာပါ။
ခုတော့... ပိုက်ဆံတွေကို စွန့်ခွါပြီး မိသားစုဆီ ပြန်ဖို့ရာ အချိန်တန်ပါပြီ။
စင်္ကာပူဟာ တိုက်ပွဲတစ်ခု... " ဒီတိုက်ပွဲကို နိုင်အောင် မတိုက်နိုင်ခဲ့ဘူး 
ဆိုရင်တောင် အောင်မြင်စွာ ဆုတ်ခွါတယ် " လို့ပဲ ကိုယ်တိုင် ခံယူမိပါတယ်။
ကျနော် အားလုံးကို နှုတ်ဆက်ပါတယ်။ သိကျွမ်းခဲ့သူတွေ၊ ခင်မင်ခဲ့သူတွေ၊
ရင်းနှီးခဲ့သူတွေ အားလုံး၊ အားလုံးကိုပါ...။
ကျနော့်လိုပဲ အိမ်နဲ့ ဝေးခဲ့ကြသူတွေ... အိမ်နဲ့ ဝေးနေဆဲသူတွေ...
ကျနော့်လိုပဲ အိမ်ပြန်ခရီး နီးကြပါစေ...
ကျနော့်ထက်ပိုပြီး အိမ်ပြန်ခရီး နီးကြပါစေ... လို့
ဆုတောင်းပေးလိုက်ပါတယ်။
နွေးထွေးလုံခြုံမှုတွေ ပြည့်စုံနေတဲ့ အိမ်...
ငြိမ်းချမ်းအေးမြခြင်းတွေ ပြည့်ဝနေတဲ့ အိမ်...
ရင်ခုန်ကြင်နာခြင်းတွေနဲ့ ထုံမွှန်းထားတဲ့ အိမ်...
ချစ်ခြင်းမေတ္တာအကြောင်းတွေ အဆုံးမဲ့ ဖော်ညွှန်းပြမယ့် အိမ်...
ဒီမြေကမ္ဘာမှာ ကျနော့်အတွက် အဓိပ္ပါယ်အရှိဆုံးသော အိမ်...
ကျနော်ရဲ့ တကယ့်အိမ်ကို ပြန်ပါတော့မယ်ခင်ဗျာ... ... ...။
ကျော်ကျော်သက်(နွေးကို)
[စင်္ကာပူကျွန်းပေါ်မှာ ကျနော့်ကို ကိုယ်တိုင်တွေ့ဆုံ၊
နှုတ်ဆက်လိုသူတွေအတွက် ကျနော့်နံပါတ် (9347 7188) ကို
တင်ပေးလိုက်ပါတယ်။ ကျနော် ဒီနံပါတ်မှာ (၁၃)ရက်နေ့...
ည(၉)နာရီအထိ ရှိနေပါမယ်။ နောက်တစ်နေ့... July 14 မှာတော့
မနက်စောစောတည်းက ကျနော် Changi ထဲ ရောက်နေပါလိမ့်မယ်။]
Feb 18, 2016
“ မျက်ရည်ချူတဲ့ စာ ”
ငါတို့တွေ သေချာပေါက် ရှုံးရမယ့် တိုက်ပွဲကို...
တစ်မိသားစုလုံး ညီညီညွတ်ညွတ်၊ ဇွဲမလျှော့ဘဲ 
ရင်ဆိုင်ယှဉ်ပြိုင်လာခဲ့ကြတာ... 
(၂)နှစ်နဲ့ လေးလဆိုတဲ့ အချိန်ကာလမှာ
ဒီတိုက်ပွဲကြီးရဲ့ ပြီးဆုံးခြင်းဟာ ရောက်ရှိလာခဲ့တယ်...။
သူ...
သူ တကယ်ချစ်တဲ့သူတွေ...
သူ့ကို တကယ်ချစ်တဲ့သူတွေကို... ချန်ရစ်ထားခဲ့ပြီ။ 
အနိုင်ရသူ ခေါ်ဆောင်ရာကို မလိုက်ချင်ဘဲ လိုက်ပါသွားခဲ့ရပြီ။ 
သံသရာခရီးကို ထွက်ခွါသွားနှင့်ပါပြီ... ... ...။
မဝေးတော့တဲ့ တချိန်မှာ...
ပြင်းပြသော ပူဆွေးသောကကို ဧကန်မုချ ရင်ဝယ်ပိုက်ရမယ်ဆိုတာ... 
ကြိုတင်ဆင်ခြင်၊ နှလုံးသွင်းနေခဲ့တာပါပဲ။ 
ဒါပေမယ့်... 
တကယ်တမ်း  လွမ်းဆွတ်တသ၊ သတိရစိတ်ကို  ရရှိပိုင်ဆိုင်လာတဲ့အခါ 
ခံစားမှုတို့ဟာ... 
ထိရှနာကျင်လွန်းလှတယ်...။ ခါးသီးပြင်းထန်လွန်းလှပါတယ်...။
*** *** *** *** *** *** *** *** *** *** *** ***  
Oversea သက်တမ်း ကြာလာတဲ့အခါ... 
သားဖြစ်သူကို နားစေချင်တဲ့ (သားနဲ့အတူ ပြန်နေချင်တဲ့)
လေသံ၊ မျက်နှာထားတို့ကို မြင်ရ၊ ကြားရပါတယ်။ 
ကျနော်က... 
“ အသက်တွေ ကြီးလာတဲ့အခါ အို၊နာ၊သေဘေးဆိုတာ
ရှောင်လွှဲလို့ မရနိုင်ကြဘူး။
အဖေတို့၊အမေတို့အတွက်... 
အိုစာအတွက်လည်း မပူရတော့ဘူး။
သေစာအတွက်လည်း မပူရတော့ဘူး။ 
နာစာ... 
ဘယ်အချိန်မှာ နာမလဲ..! 
ဘယ်လိုအနာမျိုး နာမလဲ..! 
ဘယ်လောက်ကြာကြာ နာမှာလဲ..! မသိနိုင်ဘူး။ 
နာစာအတွက်တော့ ရှာရလိမ့်အုံးမယ်... အဖေ ” ဆိုတော့ ...
ဘာမှမပြောရှာတော့ဘူး။
*** *** *** *** *** *** *** *** *** *** *** *** 
၂၀၁၄၊ မေမှာ... 
တပည့်ကို ညီအရင်းလို၊ သူငယ်ချင်းလို ပေါင်းတဲ့ ဆရာရင်းနဲ့
ပြန်ဆုံပါတယ်။
“ အမေရိကန်ဆေးတွေ ကောင်းတယ်... ဟေ့ကောင် ” 
“ အမေရိကန်ဆေးတွေ ၀ယ်တိုက်ပါလား..! ” ဆိုပြီး အကြံပေးပါတယ်။
မချိပြုံးလေးနဲ့ စိတ်ထဲကပဲ... 
“ တိုက်ချင်တာပေါ့ အာစရိရယ်   
အမေရိကန်ဆေး ၀ယ်တိုက်ရုံတင်မက...
ဖြစ်နိုင်ရင် အမေရိကားကိုတောင်ပို့ပြီး ကုပေးချင်တာပေါ့။ ” လို့... 
ကာလရှည်ကြာဆိုတဲ့ အချိန်အပိုင်းအခြားတစ်ခုမှာ  
" ၀န်နဲ့အား၊ လေးနဲ့မြား " ဆိုသလို...။
ပြီးတော့... အဆုံးသတ် Result ကို သိနှင့်နေခဲ့တော့လည်း... ... ...။
ဒါပေမယ့်... 
ကျနော် စွမ်းနိုင်သမျှ၊ လုပ်ပေးနိုင်သမျှ 
မလျော့တမ်း၊ မလျှော့တမ်း
ဖြည့်ဆည်းပေးဆပ်ခဲ့ပါတယ်...။
ဆေးတစ်လုံး လေးသောင်း.. ဆိုလည်း " ထိုး " ပါပဲ။
ဆေးတစ်လုံး လေးသောင်းခွဲ.. ဆိုလည်း " ထိုး " ပါပဲ။
ဆေးတစ်လုံး ခုနစ်သောင်း.. ဆိုလည်း " ထိုး " ပါပဲ။
“ ယောင်္ကျားရေ... (ဆေး)အလှူရှင်ရှိလို့ နဲနဲ သက်သာတယ်ဟေ့ ” 
ဆိုရင်လည်း " အေး... အေး " ပါပဲ။ 
“ ယောင်္ကျားရေ... ဒီတစ်ပတ်တော့ (ဆေးတွေ ၀ယ်လိုက်ရလို့)
များသွားတယ်ဟေ့ ” ဆိုရင်လည်း 
" အေး... အေး " ပါပဲ။ 
*** *** *** *** *** *** *** *** *** *** *** ***  
(ရွှေမြန်မာတို့ရဲ့ အစဉ်အလာကောင်းတဲ့...) 
သီတင်းကျွတ်ဆိုရင် မိဘတွေကို ကန်တော့ကြတဲ့ အလေ့အထတစ်ခုမို့ 
မဖြစ်မနေ ပြန်သွားခဲ့တယ်။ 
ဘ၀မှာ ခက်ခဲပင်ပန်းလွန်းတဲ့ စိတ်ခံစားမှုမျိုးစုံ ရရှိပိုင်ဆိုင်ဖူးပါတယ်။ 
"ဒီက ပြန်သွားတာနဲ့ ငါ့အဖေကို အသက်ရှင်ရက် ပြန်မတွေ့နိုင်တော့ဘူး" 
ဆိုတဲ့ အသိလောက် ဆို့နင့်ကြေကွဲရတာ မရှိတော့ပါဘူး...။ 
မနက်မိုးလင်း၊ အိပ်ရာနိုးချိန် မျက်လုံးဖွင့်လိုက်တိုင်း... 
မတွေ့ရတာ ကြာပြီဖြစ်တဲ့ သား(သူအားကိုးတဲ့  သားကြီးသြရသ)မျက်နှာကို
မြင်လိုက်ရလို့ ...
" ကျက်သရေ ရှိသွားတာပဲ " ဆိုပြီး နှုတ်က ဖွင့်ဟ၊
ကျေနပ်အားရခဲ့တဲ့ အဖေ... 
အနားမှာရှိနေတဲ့ လူတွေကိုတောင် မသိတစ်ချက်၊ သိတစ်ချက်
ဖြစ်လာတဲ့အချိန်မှာ...
မိုင်(၁၃၀၀)ကျော်အဝေးက သားကို လှမ်းမြင်လိုက်တဲ့ ...ခဏ  
" သား " လို့ အားရပါးရ ခေါ်သွားခဲ့တဲ့ အဖေ...
*** *** *** *** *** *** *** *** *** *** *** *** 
(၁၆)ရက်အကြာမှာ နောက်တစ်ခါ ကျနော် ပြန်ရောက်သွားရပါတယ်။
“ ကျနော့်ကို ခွင့်မလွှတ်ပါနဲ့ အဖေ ”
ကိုယ့်အဖေမှာ (ငယ်ငယ်ရွယ်ရွယ်နဲ့) အသက်ဝိညာဉ်ကို နှုတ်ယူမယ့်...
ကြောက်စရာရောဂါဆိုးကြီး စွဲကပ်နေတာ မရိပ်စားမိလောက်အောင်
ညံ့ဖျင်းလွန်းတဲ့... ကျနော့်ကို ခွင့်မလွှတ်ပါနဲ့ အဖေ ”
“ (အသန့်ကြိုက်လွန်းသလောက်) အနံ့အသက်တွေကို ခံနိုင်ရည်မရှိခဲ့တဲ့... ”
“ ကျနော့်ကို ခွင့်မလွှတ်ပါနဲ့ အဖေ ”
“ အညစ်အကြေးတွေကို (ကိုင်တွယ်ဖို့ မဆိုထားနဲ့)...
ကြည့်ဖို့၊ မြင်ဖို့တောင် မရဲတဲ့... ”
“ ကျနော့်ကို ခွင့်မလွှတ်ပါနဲ့ အဖေ ”
“ ကိုယ့်ကို လူအဖြစ်ကို ပေးခဲ့သူ၊ လူ့ဘ၀က ထွက်ခွါသွားရတော့မယ့်
အချိန်မှာတောင် အနားမှာ ရှိနေမပေးခဲ့တဲ့... 
ကျနော့်ကို ခွင့်မလွှတ်ပါနဲ့ အဖေ ”
“ သား ဘယ်တော့ ပြန်လာမှာလဲ..?  လို့
လေသံပျော့လေးနဲ့ မေးတဲ့အချိန်မှာ 
နှုတ်ဆိပ်ဆွံ့အ၊ စကားလုံး ရှာမရခဲ့တဲ့...  
ကျနော့်ကို ခွင့်မလွှတ်ပါနဲ့ အဖေ ”
“ ဧည့်သည်လိုနေပြီး၊ ဧည့်သည်လို ပြန်သွားတဲ့ ... ... ...
ကျနော့်ကို ခွင့်မလွှတ်လိုက်ပါနဲ့ အဖေ ”
အသက်မဲ့နေပြီဖြစ်တဲ့ အဖေ့ရုပ်ခန္ဓာကို ကြည့်ပြီး၊ 
ရင်ထဲမှာ စကားတွေ အများကြီး... ... ...။
မိသားစုဆရာတော်လို ဖြစ်နေတဲ့ မြို့နယ်သံဃာ့နာယက(ဥက္ကဌ)ဆရာတော်က 
သူ(ကျမ်းမာစဉ်က)နဲ့ သမီးလေးရဲ့ ဓါတ်ပုံကြီးကို ကြည့်ရင်း... 
“ ရောဂါ ဖြစ်သွားတာကိုး။ ဘယ်တတ်နိုင်မလဲ..! ” ဆိုပြီး 
သံယောဇဉ်မလွတ်တဲ့ စကားကို (ဖြေးဖြေးလေးလေး) မိန့်ရှာတယ်။
*** *** *** *** *** *** *** *** *** *** *** *** 
အတိတ်ပုံရိပ်တို့ဟာ အာရုံမှာ ကပ်ညိလာလိုက်၊ ပျောက်ကွယ်သွားလိုက်...။ 
လမ်းတစ်လျှောက် မြင်ကွင်းတွေဟာ
ကြည်လင်ပြတ်သားတစ်ခါ၊ မှုံရီေ၀၀ါးတစ်ချက်...။ 
အရှေ့က ကားဆီမှာတော့  သူ့ရဲ့နောက်ဆုံးခရီးကို လဲလျှောင်းရင်း 
(တရွေ့ရွေ့) သွားနေခဲ့ရပြီ...။
တံခါးကြီးတစ်ချပ်ရှေ့ကို ရောက်လာခဲ့ပါပြီ။
ဒီတံခါးကြီးရဲ့တစ်ဖက်ကို ၀င်ရောက်သွားတာနဲ့ လောင်ကျွမ်း၊
ပြီးဆုံးသွားရတော့မယ်...။
ငိုကြွေးကြ...။
ကန်တော့ကြ...။
“ ဆရာဝန်ကြီး လက်လျှော့မှ သားလည်း စိတ်လျှော့ခဲ့တာပါ... ” 
“ အဖေ ကျေနပ်မှာပါ။ အဖေ ကျေနပ်ပေးပါ... ” လို့
တောင်းပန်၊ ကန်တော့ဖြစ်ပါတယ်။
အေးစက်နေပြီဖြစ်တဲ့ သူ့လက်လေးကို ဆုပ်ကိုင်ပြီး... 
“ အဖေ... သွားတော့နော် ” လို့ နောက်ဆုံးနှုတ်ဆက်လိုက်ရပါတယ်။
*** *** *** *** *** *** *** *** *** *** *** ***
ဒီနေ့
(၃)လ ပြည့်ပါပြီ။
ကျနော့်မျက်ဝန်းတွေ စိုစွတ်နေဆဲပါပဲ... ... ...။ 
“ မြင့်သော၊ မြတ်သော ဘုံဘ၀တစ်ခုမှာ ရောက်ရှိနေနိုင်ပါစေ... အဖေ
KKT
Dec 12, 2015
" သို့... အဖေ "
ဆယ်စုနှစ် တစ်ခု...။
ဒီဆယ်နှစ်ဆိုတဲ့ အချိန်ဟာ လွယ်လွယ်လေး ပြီးဆုံးရောက်ရှိခဲ့တာ မဟုတ်ပါဘူး...။
ဒီကာလအပိုင်းအခြားကြီးတစ်ခုအတွင်းမှာ...
ရင်းနှီးခဲ့ရတာတွေ၊ ပေးဆပ်ခဲ့ရတာတွေ၊
စိတ်ပျက်အားလျော့မိခဲ့ချိန်တွေ၊
နာကျင်ကြေကွဲခဲ့ရချိန်တွေ၊
ဝမ်းနည်းအားငယ်ခဲ့ရတာတွေ၊
နစ်နာဆုံးရှုံးသွားခဲ့ရတာတွေ...
 ရေတွက်လို့ မရနိုင်အောင်ပါပဲ...။
 ပြီးတော့...
အစားထိုးမရနိုင်တဲ့...
 ပြန်မရနိုင်တော့တဲ့ အရာ... ... ...
 " အဖေ "
" လွန်ခဲ့တဲ့ ဆယ်နှစ်... ဒီအချိန်က အဖေ ကျနော့်ကို စကားမပြောခဲ့တာ...၊
ဒီနေ့... ဒီအချိန်မှာ ကျနော့်မှာ စကားပြောဖို့ အဖေ မရှိတော့တာ...။ "
" ကျနော် မပျော်ဘူး... အဖေ "
မျက်ရည်ကျပြီး ငိုတဲ့သူဟာ မျက်ရည်တိတ်ရင် အငိုရပ်ပါတယ်။
" အခု... မျက်ရည်မကျဘဲ ကျနော် ငိုနေပါပြီ အဖေ "
KKT
May 8, 2015
" ဘ၀သခင် "
လွန်ခဲ့တဲ့ (၉)နှစ် ဒီနေ့...
ကမ္ဘာမြေပြင်ပေါ်မှာ ကိုယ့်ကို " ဖေဖေ " လို့ ခေါ်မယ့်  
သက်ရှိလူသားလေးတစ်ဦး စတင် ရောက်ရှိလာခဲ့တယ်။
" ဖေဖေ... ချစ်လား? မေမေ... ချစ်လား? " ဆိုတဲ့ မေးခွန်းလေးကိုပဲ 
ထပ်ကာတလဲလဲ မေးနေခဲ့သူလေး...။
ဘယ်သူ မေးမေး၊ ဘယ်အချိန် မေးမေး၊ ဘယ်လိုပဲ လှည့်မေးမေး...
" ဖေဖေ့ကို ချစ်တယ်။ မေမေ့ကို ချစ်တယ်... တူတူ ချစ်တယ်... လို့
ပြောတဲ့သူ...၊
တစ်ယောက်ယောက်ကို ပိုချစ်ရမယ်။ ဘယ်သူ့ကို ပိုချစ်လဲ ပြော... လို့ မေးခဲ့ရင်
" ဖေဖေ့ကို ပိုချစ်တယ်။ မေမေ့ကို ပိုချစ်တယ်... တူတူ ပိုချစ်တယ် " လို့
 ပြောတတ်သူလေး...။    
ဆယ်စုနှစ်တစ်ခုနီးပါးကာလ... ကျနော် နိုင်ငံခြား စထွက်လာချိန်က 
အမိဝမ်းတွင်းမှာ မီးမီး/သားသား မကွဲပြားသေးတဲ့ သန္ဓေသားကလေးဟာ
ဒီနေ့အချိန်မှာ (၉)နှစ်အရွယ် ချစ်စဖွယ် သမီးငယ်လေး ဖြစ်လာခဲ့ပါပြီ...။
ဟိုးအရင်တစ်ချိန်...
နှစ်ယောက်တစ်ဘ၀ရဲ့အစ၊ ပထမဦးဆုံးနေ့မှာ ကျောင်းနေဖက် 
သူငယ်ချင်းများက  ခလေးနို့ဘူးလေးနဲ့ ထမင်းစားပန်းကန်လေးတစ်စုံ
မင်္ဂလာလက်ဖွဲ့အဖြစ် ပေးခဲ့တယ်။
နှစ်တော်တော်များများ ကြာတဲ့အချိန်မှ အဲဒီ့နို့ဘူးလေးကို အသုံးချခွင့်
ရခဲ့ပါတယ်...။
 သက္ကရာဇ် (၂၀၀၅)ရဲ့ ဒီဇင်ဘာတစ်ည မှောင်စဖြိုးဖျ (ဇာတိမြို့လေးကို
 နှုတ်ဆက်ရတော့မယ့် အချိန်)မှာ ဖယောင်းတိုင်လေးထွန်းပြီး၊
ကဗျာလေးတစ်ပုဒ်ရေး... နို့ဘူးလေးထဲ ထည့်ထားပေးခဲ့တယ်။
အခု...
အဲဒီ့ကဗျာလေးကို  တင်ပေးလိုက်ပါတယ်...။
" ဘ၀သခင် "
ပြန်လည်၍၊ အသစ်တဖန်
ရှင်ပြန်ထမြောက်ခဲ့ရပြီ...။
ဘုရားက သနားလို့ပေးတဲ့ ဆုလာဘ်
ငါ့မျိုးဆက်အဖြစ် အပ်နှင်း
လောကတွင်း သက်ဆင်းလာတော့မယ်...။
ပေးဆပ်မှုများနဲ့ ရင်ခွင်ဆီ
 မမြင်နိုင်တဲ့ စွမ်းအား... သူ
 ရှင်းသန့်ဖြူ စင်တဲ့ နှလုံးသွေးတစ်စက်
မိုးထက်မြင့်တဲ့ မျှော်လင့်ခြင်းများ
ခပ်ပြင်းပြင်း သယ်ဆောင်
ဘ၀ရဲ့ အလင်းရောင်လေးရယ်...။
တစ်နေ့ပြီး တစ်နေ့
ပြက္ခဒိန်တွေ တရွေ့ရွေ့
အဓိပ္ပါယ်အပြည့်နဲ့ မနက်ဖြန်လေးများစွာ
ဒီနို့ဘူးလေးရဲ့ ပိုင်ရှင်ဟာ...
လာခြင်းကောင်းပါစေကွယ်... ... ...။
 ဒီသမီးလေး ရှိလာမှ ကြီးကျယ်မြင့်မြတ်လွန်းတဲ့  " အဖေ " ဆိုတဲ့ဘ၀ကို
ကျနော် ခံယူခွင့်ရခဲ့တာပါ။
" ပျော်ရွှင်ချမ်းမြေ့သော (၉)နှစ်မြောက် မွေးနေ့ ဖြစ်ပါစေ... သမီးလေး "
" Happy 9th birthday my little lord..! "
KKT
Apr 26, 2015
" ပေးဆပ်သူ (၃) "
 တစ်နှစ်မှာ တစ်လ...
တစ်လမှာ တစ်ရက်...
တစ်ရက်မှာ တစ်နာရီ...
ပျော်ရတဲ့ ချိန်ရာသီ... ... ...။
မနက်ပိုင်း ဘဏ်သွားပါတယ်...။
ဘဏ်ကထွက်တော့ စာအိတ်ဖြူ လေးတစ်လုံး ပါလာတယ်...။
အသွားလမ်းတစ်လျှောက်၊ ခြေထောက်တွေက မြေကြီးနဲ့ မထိသလို ထိသလို...
စိတ်စေတသိတ်ဟာ (ဘယ်ဘက်ရင်အုံနဲ့ အနီးဆုံး) အိပ်ကပ်ထဲက
စာအိတ်ခပ်တောင့်တောင့်လေးဆီမှာသာ...
အမြဲမခွဲ၊ တတွဲတွဲ... သွားလေရာတိုင်း ပါခဲ့လေသူ ပိုက်ဆံအိတ်ညိုညိုလေးခမြာ
" ခုတော့ သူ့မှာ ငါ့ထက် ဦးစားပေးရမယ့် ပစ္စည်း ရှိနေပါပေါ့လား..! " ဆိုပြီး၊
ဝမ်းနည်းအားငယ်နေရှာရော့မယ်။
" စိတ်မရှိပါနဲ့ ပိုက်ဆံအိတ်လေးရယ်... "
" ဒီအချိန်အခါ၊ ဒီအခိုက်အတန့်လေးမှာ ငါ့ဘ၀တစ်ခုလုံးဟာ
 ဒီစာအိတ်လေးထဲမှာမို့ပါ။ "
လို့ နှစ်သိမ့်ရင်း...။
ပြန်လာခဲ့ချိန်မှာ...
စာအိတ်လေးက အခွံလေးဖြစ်သွားပြီ။
အပျော်တွေကတော့ တနင့်တပိုးကြီးပေါ့...။
အရမ်းကို အိမ်ဦးနတ် ယောင်္ကျားကောင်း ဖြစ်ချင်ခဲ့တဲ့ လူ...၊
အရမ်းကို ဖခင်ကောင်းတစ်ယောက် ဖြစ်ချင်ခဲ့တဲ့ လူ...၊
အရမ်းကို သားကြီးသြရသ ဖြစ်ချင်ခဲ့တဲ့ လူ...၊
အရမ်းကို လူပီသချင်ခဲ့တဲ့ လူ... ... ... အတွက်
ပိုက်ဆံအိတ်လေးရော၊ စာအိတ်လေးကပါ...
ကျေနပ်၊ ပီတိ ဖြစ်နေကြမှာပါ... ... ...။
KKT
Apr 17, 2015
" ဆန်ရေ (၂) "
ဟန်ဆောင်ပြီး ပြုံး၊
ဟန်ဆောင်ပြီး ရယ်၊
ဟန်ဆောင်ပြီး စကားတွေ ပြော၊
ဟန်ဆောင်ပြီး အလုပ်မှာ စိတ်ဝင်စား...။
တအား ဆာလောင်နေတဲ့ အချိန်
အင်မတန် မြိန်တဲ့ ထမင်း...၊
(ရေကိုတောင်) နှုတ်ခမ်းစိုယုံ၊ အာစွတ်ယုံ
ဇွန်းလေးနဲ့ တို့ပေးရတဲ့ သူတစ်ယောက်ဆီ စိတ်ရောက်သွားတဲ့ တခဏ
မျက်ရည်ပေါက်တွေဟာ ထိန်းမနိုင်၊ သိမ်းမရ
စားနေတဲ့ ထမင်းပွဲ
အဓိပ္ပါယ် လွဲခဲ့ပြီ...။
ဒုတိယအကြိမ်
ဆေးရုံ ဆင်းခဲ့တဲ့    အဖေ
ကိုယ်ကျမ်းမာပါစေ... 
စိတ်ချမ်းသာပါစေ...
အသက်ရှည်ပါစေ... ... ...။
KKT
(ဒီကဗျာလေးအတွက် အမှန်တကယ် ပေးချင်ခဲ့တဲ့  ခေါင်းစဉ်က 
" မျက်ရည်ဆမ်း ထမင်း " ဆိုတာလေးပါ။
ဒါမှမဟုတ်ရင်လည်း " နှစ်သစ်ကူး ဆုတောင်း " ဆိုပြီးတော့ပေါ့လေ။
သို့ပေမယ့် အကြောင်းအရာအားလုံးနဲ့ အခြုံငုံဆုံး၊ အလိုက်ဖက်ဆုံးဖြစ်စေဖို့ရာ 
ဒီခေါင်းစဉ်ရိုးရိုးလေးကိုပဲ ပြန်ရွေးလိုက်ပါတယ်။)
May 1, 2014
" မှ... သို့ ချစ်သူ "
ရာသီမဲ့ ရပ်ဝန်းက
မိတ်ကပ်မျက်ဝန်းတွေနဲ့ ဝေးရာ
ပြေးကာ လာခဲ့တော့မယ်
ပါးကွက်ကျားနဲ့ သနပ်ခါးလေးရယ်...
ချစ်တဲ့ လက်ကမ်း
လှမ်းလို့ ကြိုနေပါနော်...။
KKT
Oct 2, 2013
" ဆန်ရေ "
အဖေ...
" နေကောင်းရဲ့ လား...? "
" နေကောင်းရဲ့ လား  အဖေ...? " လို့ မေးချင်ပေမယ့်...။
မမေးရဲတော့ပါဘူး...။ မမေးရက်တော့ပါဘူး အဖေရယ်...။
" နေရတာ သက်သာရဲ့ လား...? " လို့ပဲ မေးခွင့်ရှိတော့တဲ့
အချိန်အခါမျိုးမို့ပါ...။
ကျနော့်ဘ၀ အဘိဓါန်မှာ မရှိချင်ခဲ့ဆုံး စကားလုံးဟာ...
" နောင်တ " ဆိုတဲ့ ဝေါဟာရပါ... အဖေ။
အခုတော့... ကျနော်... ... ...
အဲဒီ့နောင်တတွေနဲ့ပဲ မခွဲအတူ ရှိနေရတော့မှာ...၊
အဲဒီ့နောင်တတွေနဲ့ပဲ ရှင်သန်နေထိုင်သွားရတော့မှာပါ...။
ကုန်လွန်သွားတဲ့ အချိန်တွေကို တအား နှမြောတမ်းတမိတယ် အဖေရယ်...။
ဒီ... (၂)နှစ်ကျော်ကျော်ဆိုတဲ့ အချိန်အတွင်းမှာ...
သုံး၊ လေးကြိမ်လောက် ပြန်ဆုံတွေ့ခွင့် ရခဲ့ပေမယ်... ... ...။
ပထမဆုံးအကြိမ် ပြန်တွေ့စဉ်က...
" ဟာ... အဖေ တော်တော် ကျသွားတာပဲ။ " ဆိုတော့...
" သုံးလလောက် ဆန်ပြုတ် သောက်လိုက်ရတာပဲ သားရယ်။ "
" ဒီလောက်တော့ ရှိမှာပေါ့။ နောက်တော့ တဖြေးဖြေး ပြန်ပြည့်လာမှာပါကွာ။ "
လို့ အပြုံးဖျော့ဖျော့နဲ့ ပြောခဲ့ပေမယ့်...
နောက်အခေါက်၊ နောက်အခေါက်တွေမှာလည်း...
အဖေ ပြန်မပြည့်တော့ပါဘူး...။
အမှတ်တရတွေကို စွဲလန်းမက်မောလွန်းတဲ့...၊
အမြတ်တနိုး တန်ဖိုးထားလွန်းတဲ့ ကျနော်...
မိသားစု အမှတ်တရဓါတ်ပုံတောင် မရိုက်ချင်လောက်အောင်...၊
မရိုက်ဖြစ်တော့လောက်အောင်...
အဖေ ပြန်ပြည့်မလာတော့တာပါ... ... ...။
" ငါ့အဖေဆီမှာ ကြီးကြီးမားမား ရောဂါဆိုးတစ်ခုခုများ စွဲကပ်နေပြီလား...! "
ဆိုတဲ့ သံသယစိတ်လေးတောင် မဖြစ်ခဲ့မိဘူး။
" လာ... အဖေ လိုက်ခဲ့။ ကျနော်ကိုယ်တိုင် အဖေ့ကို ရန်ကုန်မှာ
ဆေးစစ်ပေးမယ်။ " ဆိုပြီး...
တစ်ခါ၊ တစ်ခေါက်လောက်လေးတောင် မခေါ်ခဲ့မိဘူး... အဖေရယ်။
အရာရာမှာ ခတ်ထန် ပြတ်သား၊ မိန်းမသား မဆန်လွန်းတဲ့ အစ်မ...။
အဲဒီ့အစ်မ... ခဏခဏ ငိုနေတည်းက ကျနော့်စိတ်ထဲ ထင့်နေခဲ့တယ်... အဖေ။
" သမီး... နင် ကံကြီးထိုက်တော့မယ်နော်။ ငါ... နင့်ကို ကန်တော့မိတော့မယ်...။ "
" အဲဒီ့ကံကြီး... ဆယ်ခါပြန် အထိုက်... ခံလိုက်မယ်။ "
" မရဘူး...။ အခုချက်ချင်း အဖေ ရန်ကုန် ဆင်းကို ဆင်းရမယ်...။ "
" အဖေ့ကို ဒီည... ဒီမှာ အိပ်တာကို မလိုချင်တော့ဘူး...။ "
နောက်ထပ် နှစ်ရက် (၄၈ နာရီ)ဟာ အလွန်ဆုံးပဲ... ဆိုတဲ့ အဖေ့ကို ဒီနေ့အထိ
သက်ရှိထင်ရှား မြင်တွေ့ခွင့်ရနေသေးတာ၊ ပြုစုစောင့်ရှောက်ခွင့်ရနေသေးတာ...
အဖေ့ အချစ်ဆုံးသမီး ငရဲကြီးခံခဲ့တဲ့ အကျိုးကျေးဇူးပါ... အဖေ။
ပြီးတော့...
အဖေ မွေးတဲ့ သားသမီး သုံးယောက်ထဲမှာ အပျော့ညံ့ဆုံးဟာ ကျနော်ပါ...။
အမြဲတမ်း ငိုနေခဲ့တာ ကျနော်ပါ...။
ဘယ်တုန်းကမှ မငိုခဲ့တာ ကိုညီ...ပါ။
အခု... ကိုညီ ငိုပြီ... အဖေ။
" အဖေ... ပြည်ကို ပြန်မလာရတော့ဘူး ထင်ပါတယ် သားရယ်...။ "
" အဲလိုတော့ မပြောပါနဲ့ အဖေရယ်...။ အဲလိုတော့ မပြောပါနဲ့။ "
" ငါတို့တွေ ရွှေတောင်ကြီး ပြိုပြီ... ကိုကြီး။ "
" ငါတို့အဖေကို ငါတို့ ဆုံးရှုံးရတော့မယ်...။ "
" အူမကြီး ကင်ဆာ " ... ... ...တဲ့။
လူတစ်ကိုယ်လုံး တစ်ခြားကမ္ဘာတစ်ခုဆီ လွင့်စင်သွားသလိုပါပဲ...။
နှစ်ရှည်လများ... ကျနော် မေ့လျော့နေခဲ့တဲ့ အရာ...၊
ကြိမ်ဖန်များစွာ... ကျနော် မထုတ်နိုင်ခဲ့တဲ့ အဖြေ...။
ပိုက်ဆံတစ်ခုတည်းကိုပဲ သိမ်းကြုံး... ရှာ၊
ပိုက်ဆံတစ်ခုတည်းနောက်ကိုပဲ  သဲကြီးမဲကြီး... လိုက်၊
ပိုက်ဆံတစ်ခုတည်း ထောက်ပံ့ပေးနေနိုင်ရင်ပဲ ပြီးပြည့်စုံပြီ... လို့
ထင်မြင်၊ ယူဆထားခဲ့တာ...။
 အသက်အရွယ် ကြီးရင့်လာပြီဖြစ်တဲ့ မိဘတွေရဲ့  ကျမ်းမာရေးကို
ကျနော် ဘာလို့  လေးနက်အာရုံစိုက်မှု မရှိခဲ့တာလဲ..?
သိသိသာသာ ပြောင်းလဲသွားခဲ့တဲ့ အဖေ့ ပုံပန်းသဏ္ဍာန်အပေါ်
ကျနော် ဘာကြောင့် တိကျသေချာတဲ့ အဖြေထုတ်ခြင်း မလုပ်ခဲ့ရတာလဲ အဖေ?
ခုတော့...
အဖေ့ခမြာ ခန္ဓာ... ကို ရင်းလို့ သားတွေ၊ သမီးတွေကို
သင်ခန်းစာကြီးကြီး ပေးခဲ့ပြီ။
ကံကြမ္မာက ဆေးပညာ ဗဟုသုတ နည်းပါးလွန်းတဲ့ ကျနော်တို့အပေါ်
စောစောစီးစီး ဒါဏ်ခတ်လိုက်ပါပြီ...။
" အမေ လုပ်ပေးနေတယ်... သား "
" သူ့ဘေးမှာနေပြီး သုတ်တော်တွေ 
ရွတ်ပေးနေတယ်။ မေတ္တာပို့ပေးနေတယ်...။ "
" ဘုရားကုပေါ့... သားရယ်။ အမေတို့ နိုင်မှာပါ။ "
အမေ့အသံကတော့ အမေ့အမည်နဲ့လိုက်အောင် ပကတိ ကြည်လင်နေတာပါပဲ...။
အမြဲတမ်း တည်ငြိမ်အေးချမ်းနေတာပါပဲ။
တကယ်လည်း ကျနော်တို့ နိုင်ခဲ့ပါတယ်... အဖေ။ ဒါပေမယ့်...
ကျနော်တို့ နိုင်ခဲ့တာဟာ ကျနော်တို့နဲ့အတူ ဘယ်လောက်ကြာကြာ
ဆက်ရှိနေမှာလဲ..?
အဝေးဆုံးမှာ ရှိနေတဲ့ သား...
အဖေရှိရာဆီ အစောဆုံး ရောက်အောင် သွားခဲ့တယ်။
" မနက်ဖြန်... ငါ ပြန်လာခဲ့မယ် Honey! "
" ဟင်... အရင်လ သမီးလေးမွေးနေ့အတွက် ပြန်လာတော့...
 မင်း ခွင့်တွေ ကုန်ပြီ... ဆို! "
" လစာမဲ့... ခွင့်ပေါ့။ လစာမဲ့... ... ... ခွင့်ပေါ့။ "
အဖေနဲ့အတူ အကြာဆုံး နေပေးခဲ့တယ်...။
အဖေ့အတွက် လုပ်ပေးနိုင်သမျှ အကောင်းဆုံး လုပ်ပေးခဲ့တယ်...။
" ကျနော့်အဖေကို နောက်ဆုံး ကျေးဇူးဆပ်ချင်တာပါ... ဒေါက်တာ။ "
" ကျနော့်အဖေကို အသက်ရှင်ရက် ပြည်ကို ပြန်ပို့ပေးချင်တာပါ...။ "
ပညာရှင်ကြီးရဲ့  မျက်လုံးဟာ ကျနော့်နှလုံးသားအထိ ထိုးဖောက်မြင်နိုင်သွားတယ်...
လို့ပဲ ယူဆပါတယ် အဖေ...။
Operation နေ့ တစ်ရက်အလိုမှာ အထူးကု ဆရာဝန်မကြီးတစ်ယောက်...
အစ်မနဲ့ တွေ့တယ်။ သူက အဖေ့ကို ခွဲမယ့်အဖွဲ့မှာ ပါတယ်... တဲ့။
" သမီးအဖေရဲ့   ဖယ်ထုတ်ရမယ့် အပိုင်းက များတယ်။ "
" အကြီးစား ခွဲစိတ်မှုဖြစ်တယ်။ "
" ခွဲစိတ်နေရင်း တစ်ခုခု ဆိုတာမျိုး ဖြစ်သွားနိုင်တယ်။ "
" ...ဆိုတော့ သေချာ စဉ်းစားပါ။ တိုင်ပင်ပါ။ သဘောတူမှ လက်မှတ်ထိုးပါနော်...။ "
 ကျနော် ဆေးရုံရောက်တော့ အစ်မက ဝေခွဲရခက်နေတဲ့ ပုံနဲ့...  ပြောလာတယ်။
" နင်... ပြန်စဉ်းစားပါဦးလားဟာ...! "
" အစ်မ... မတွေဝေနဲ့ အစ်မ။ "
" ငါတို့အဖေ အစားမစားနိုင်တာ ဘယ်နှစ်ရက် ရှိနေပြီလဲ...! "
" ငါတို့အဖေ ၀မ်းမသွားနိုင်တာ ဘယ်နှစ်ရက် ရှိနေပြီလဲ...! "
" ငါတို့တွေ... ငါတို့အဖေအတွက် အကောင်းဆုံး လုပ်ပေးနေတာပါ။ "
" ငါတို့ မေတ္တာတရားကို ငါ ယုံတယ်...။ ငါတို့ မေတ္တာတရားတွေရဲ့  အားနဲ့
ငါတို့အဖေ ဒီခွဲစိတ်မှုကို အောင်အောင်မြင်မြင် ကျော်လွှားသွားနိုင်မှာပါ...။ "
အဖေ့ဘ၀တစ်လျှောက် ကျနော့်အတွက် လက်မှတ်ပေါင်းများစွာ ထိုးခဲ့ဖူးမှာပါ...။
ကျနော် အဖေ့အတွက် ပြန်ပြီး လက်မှတ်ထိုးပေးခဲ့ရတာ ဒီတစ်ခါတည်းပါ...။
ကျနော် လက်မတွန့်ခဲ့ပါဘူး... အဖေ။ ကျနော် လက်မတုန်ခဲ့ပါဘူး... ။
ဒါပေမယ့် အဖေရယ်...
အဖေ့ကို သတ်ခွင့်ပြုလိုက်တဲ့ လက်မှတ် ဖြစ်သွားမှာ...၊
အဖေ့ကို သေမိန့်ပေးလိုက်တဲ့ လက်မှတ် ဖြစ်သွားမှာ...။
အဖေ... ခွဲခန်းထဲ ၀င်သွားချိန်က စပြီး၊ ခွဲခန်းရှေ့ မှာ ငုတ်တုပ်နဲ့...
ချီထားတဲ့ လက်အုပ်ကို မဖြုတ်ရဲတော့တာ ကျနော်ပါ... အဖေ။
အဖေ့အနားကနေ နောက်ဆုံးမှ ခွဲခွါလာခဲ့တယ်...။
ပြန်မယ့်နေ့မတိုင်ခင် တစ်ရက်မှာ...
ရောဂါဝေဒနာရဲ့   ပြယုဂ်တွေနဲ့ အဖေ့ရုပ်သွင်ကို တစ်ဝကြီး ကြည့်ရင်း...
ဒေါသစိတ်၊ မကျေနပ်စိတ်၊ ယူကြုံးမရစိတ်တို့ဟာ တပြိုင်နက်တည်း
ဖြစ်ပေါ်လို့ လာတယ်။
ကျနော်ဟာ တာဝန်မကျေသူတစ်ယောက်လို၊ အပြစ်မလွတ်သူတစ်ယောက်လို၊
အပြစ်ကြီးသူတစ်ယောက်လို ခံစားနေရပါတယ်။
(ဘယ်လိုမှ မထိန်းနိုင်တော့ဘဲ)
အဖေ့ပေါင်ပေါ် မျက်နှာအပ်လို့ အားရအောင် ငိုချလိုက်မိတယ်...။
" သား ကြိုမသိခဲ့လို့ပါ အဖေရယ်...။ "
" သား တကယ် ကြိုမသိခဲ့လို့ပါ... ... ...။ " ဆိုပြီး
ငိုသံတွေ ရောစွတ်လို့ မချိတင်ကဲ ပြောဖြစ်တယ်။
ရင်ထဲက တအား ဆို့နင့်လွန်းလာလို့ ဘာမှ ဆက်ပြော...မထွက်တော့ဘူး...။
စိတ်ထဲမှာတော့...
" လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်နဲ့တော့ အဖေ့ကို ပေး...မသွားပါဘူး။ "
" သားတို့ တတ်နိုင်တဲ့ဘက်က၊ သားတို့ တတ်နိုင်တဲ့အရာတွေ...
သားတို့ ပိုင်ဆိုင်တဲ့ အမွန်မြတ်ဆုံး ချစ်ခြင်းတွေနဲ့ ချည်နှောင်လို့...
အဖေ့ကို ရနိုင်သမျှ ရအောင် ဆွဲထားဦးမှာပါ... " လို့။
အဖေကတော့ မျက်ရည်တွေကြားက အပြုံးလေးနဲ့ နှစ်သိမ့်လို့ပေါ့...။
အခုချိန်မှာတော့...
မြို့တော်ပျက်ကြီးရဲ့   လူနေထူထပ်တဲ့ ရပ်ကွက်တစ်ခုက တိုက်ခန်းကျဉ်းလေးထဲ...
ခြောက်ဆယ့်လေးနှစ် အဖိုးကြီးရဲ့  ဘေးမှာ...
ခြောက်ဆယ့်နှစ်နှစ် အဖွါးကြီးပဲ ရှိပါတော့တယ်...။
ကာလရထားကြီး နောက်ပြန်သွားဖို့ သဘာဝတရားဆီမှာ
အလဲအထပ် လုပ်လို့ရရင် လုပ်လိုက်ချင်ပါတယ်...။
" ခုနစ်နှစ်ခွဲကျော်ကျော်... နေ့တွေ...၊ ညတွေ...
လူပင်ပန်းခြင်းကြီးစွာ၊ စိတ်ပင်ပန်းခြင်းကြီးစွာ၊ 
ရင်းနှီးပေးဆပ်မှုပေါင်းများစွာ...နဲ့
ကြိုးစား၊ ရှာဖွေ၊ စုဆောင်းခဲ့တဲ့ ပစ္စည်းဥစ္စာ မှန်သမျှ ပေးပါ့မယ်...။
ဒီ... ကြောက်စရာ ရောဂါကြီး စတင် မစွဲကပ်ခင် အချိန်လေးက 
ကျနော့်အဖေကို ပြန်ပေးပါ... " လို့။
ဒါပေမယ့်... ကျနော့် ဆန္ဒ မပြည့်နိုင်တော့ပါဘူး...။
ဒီတစ်သက်၊ ဒီကမ္ဘာ ဘယ်သောအခါမှ မပြည့်နိုင်တော့ပါဘူး... ... ...။
ပြုခဲ့ပြီးဖြစ်သော...
ပြုနေဆဲဖြစ်သော.. ...
ပြုနေဦးမည်ဖြစ်သော... ... ...
ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်...
ကုသိုလ်အဖို့ဖို့တို့ကို သက်သေထားပြီး၊
ရှင်တော်မြတ်ဘုရားထံမှာ သည်သစ္စာဆုကို တောင်းပါတယ်...
"နောက်နှစ် ဒီနေ့မှာလည်း ဒီစကားကို အဖေ့နားနဲ့ကြားအောင် ပြောခွင့်ရလိုပါ၏။"
လို့...
" ပျော်ရွှင်ချမ်းမြေ့သော မွေးနေ့ ဖြစ်ပါစေ... အဖေ "
KKT
" မမေ့မလျော့ "
(ခွဲစိတ်အထူးကုသမားတော်ကြီး ပါမောက္ခ ဒေါက်တာဦးသိန်းလွင် နဲ့အတူ...
ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ ခွဲစိတ်ဆောင် (၇+၈)မှ...
 ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ ခွဲစိတ်အထူးကု ဆရာဝန်မကြီးများ၊
လက်ထောက် ဆရာဝန်များ၊ လက်ထောက် ဆရာဝန်မများ၊
အလုပ်သင် ဆရာဝန်လေးများ၊ အလုပ်သင် ဆရာဝန်မလေးများ၊
သူနာပြု ဆရာမကြီးများ၊ သူနာပြု ဆရာမလေးများ၊
ခွဲခန်းအကူ ၀န်ထမ်းများနဲ့ ကျေးဇူးတင်ထိုက်သူများ...
အားလုံး၊ အားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်း
မှတ်တမ်းရေးသားအပ်ပါတယ်...။)
Mar 13, 2013
" ဟယ်... ... ... "
" Hello...! "
" ဘယ်သူလဲ မသိဘူးဗျာ... "
" စန္ဒာမြင့်... ပါ။ "
" သြော်... မစန္ဒာ။ ကျနော်... ကျော်ကျော်သက် "
" ဟင်...! "
" ရီရီတင့် အမျိုးသား... ရီရီတင့် အမျိုးသား... "
" ဟဲ့... ကမ္ဘာကျော်။ ခုန ဖုန်းကိုင်တာ နင့် သမီး... လေ။ "
" အင်း... ကျနော် ထင်တယ်။ "
" ကျနော်က... သမီးလေးလား...?  သမီးလေးလား...? ဆိုရုံရှိသေး...၊
ဖုန်းကို ဘေးချပြီး ပြေးရောနဲ့ တူတယ်။ "
" အေး...ဟုတ်ပါ့။ ရီရီတင် နောက်ဖေးမှာ...။ နေဦး... ငါ ခေါ်ပေးမယ်။ "
" ရီရီတင်... ရေ။ ဒီမှာ နင့်ယောင်္ကျား... ဖုန်း "
" လာပြီ...။ လာပြီ...။ " ဆိုတဲ့ အသံ လှမ်းလှမ်းလေးနဲ့အတူ...
" မနက်စောစောစီစီး ဖုန်း မဆက်စဖူး ဆက်လို့... " ဆိုတဲ့ ရေရွတ်သံလေးရဲ့
 မရှေးမနှောင်းမှာပဲ...။
" Honey...! "
" ရှန်... ... ... " 
 " နေကောင်းလား...? "
" အင်း... "
" သမီးလေး... ကော...! "
" ကောင်းပါတယ်။ ကိုကို... အစောကြီးပါလား...! "
" imm... "
" ကိုယ့်ကို ညက အိပ်မက် မက်သေးလား...? "
" ဟင့်အင်... ... ... "
" ... ... ... "
" စန္ဒာမြင့်တို့ သားအမိတွေ ရောက်နေတယ်လေ။ 
" ... ... ... "
အဲဒါ သူတို့တွေကို မနေ့က ပြည်သူ့ရင်ပြင် လိုက်ပို့တယ်။
လည်ကြ၊ ပတ်ကြတယ်။ ညရောက်တော့ မောမောနဲ့ အိပ်ပျော်သွားတာ...
ဘာအိပ်မက်မှတောင် မမက်နိုင်တော့ဘူး...။ "
" ... ... ... "
" ဟင် ကိုကို... ဘာဖြစ်လို့လဲ...! ဘာဖြစ်လို့လဲ...! "
" ဘာမှ မဖြစ်ပါဘူး... "
" လန့်သွားတာပဲ ယောင်္ကျားရယ်...။  " 
" မနက်စောစောစီစီး ဖုန်း မဆက်စဖူး ဆက်တော့... "
" Honey...! "
" ဟေ... ... ... "
" မလွမ်းဘူးလား...? "
" ... ... ... "
" လွမ်းနေလား...? "
" ... ... ... "
" ယောင်္ကျားရယ်... ... ...။
မင်းက အဲလို မေးတော့ ငါက ဘယ်လို ဖြေရမလဲ...? "
" ... ... ... "
" တို့တွေ ခွဲချင်လို ခွဲခဲ့ကြတာလည်း မဟုတ်...၊
" ခွဲနိုင်လို့ ခွဲနေကြတာလည်း မဟုတ်... ... ...။ "
" မေးတာကိုပဲ ဖြေပါကွာ... "
" လွမ်းနေလား... ... ... ကိုယ့်ကို...? "
အကြိမ်ကြိမ်၊ အခါခါ ကြားခဲ့ဖူးတဲ့ စကားသံလေး...
မရေတွက်နိုင်အောင် ကြားခဲ့ဖူးတဲ့ စကားသံလေး... ...
ဘယ်တော့မှလည်း ရိုးမသွားနိုင်တဲ့ စကားသံလေး... ... ...
မိုင်ပေါင်းများစွာ ဖြတ်သန်းပြီး နားဝကို တိုးတိုးညှင်းညှင်းလေး
ရောက်ရှိလို့လာတယ်။
" လွမ်းတာပေါ့... ... ... "
နားဝင်ပီယံ ရှိလိုက်တာ...။
ပြီးပြည့်စုံတဲ့ အပြုံးတစ်ခုကို မျက်နှာပြင်ပေါ်မှာ ဖြစ်ပေါ်စေသလို... 
ကုန်ဆုံးသွာတဲ့ အားအင်တွေ တမဟုတ်ချင်း ပြန်ရလိုက်သလို...
အရာအားလုံး ထမြောက်အောင်မြင်သွားသလို...။
"  တော်တော်လေး လွမ်းနေလား...? "
" ဟင်... "
" ပြောလေ...။ တော်တော်လေး လွမ်းနေလား...? လို့ "
" ဟယ်... ဒီယောင်္ကျား။ ကလေးကလားတွေ... ... ...! "
" နာရီပိုင်းအတွင်း မတွေ့ချင်ဘူးလား...? "
" အမ်...! "
" နောက် နှစ်နာရီလောက်ကြာရင် လေယာဉ်ကွင်း ထွက်လာခဲ့...ဟုတ်လား။ "
" ဟင်... "
" ကိုယ်... အခု လေယာဉ်ကွင်းက ဆက်နေတာ... ... ... "
" ဟဲ့... ... .... ယောင်္ကျား... "
" အင်း...။ Hand carry တောင် Check-in ၀င်ပြီးပြီ...။ "
" လေယာဉ်ပေါ် တက်တော့ဖို့ ထိုင်စောင့်နေတာ... "
" ဟယ်... ... ... "
*** *** *** *** *** *** *** *** *** *** *** ***
" Happy birthday Honey...! " 
KKT
Dec 12, 2012
" ပေးဆပ်သူ ( ၂ ) "
* အသက်အရွယ် ကြီးရင့်လာခြင်းနဲ့အတူ
  မေ့တတ်ခြင်းတို့က နေရာပိုယူလာတယ်...။
* ခန္ဓာကိုယ်ထဲက
  ဇီဝကမ္မ ဖွဲ့စည်းတည်ဆောက်မှု ဖြစ်စဉ်တွေဟာလည်း
  ဖောက်ပြန်လွဲမှုတွေ များများလာပါတယ်။
* အမြင်၊ အကြား...
   အာရုံခံစားမှုများက
   တစ်နေ့တခြား လျော့ပါးခဲ့ရပြီ...။
*  တကယ်တော့...
   ညတွေ မှောင်ပေးတာဟာ
  သတ္တ၀ါတွေ အနားယူ၊ အိပ်စက်ဖို့ပါ...
  နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာက
  (ရုတ်တရက်) နိုးထခဲ့ရတဲ့
  ဒီမျက်လုံးတွေထဲက
  ရဲရဲနီစွေးနေတဲ့ သွေးကြောတွေရဲ့  
  နာကျည်း၊ နာကျင်မှုကို ကိုယ်စားပြုတာ
  ဘယ်အရာပါလဲ...?
* ဆန်မှာ Budget
  ဆီမှာ Cabbage
   ဆပ်ပြာမှုန့်ဆို Promax
  သွားတိုက်ဆေးတံဆိပ် Fresh & White
  သုံးလ... တစ်ချောင်း သွားတိုက်တံ Aro
  Singapore ToTo ကို တနင်္လာ အလှူဟာ သုံးကျပ်ခွဲ
  Link Card ဆီ သွားတာ တစ်လ... တစ်ဆယ်
  တနှစ်မှာ တခါ...
  ချော့ကလက် နှစ်ရာဖိုးဝယ်ပြီး ပြန်တဲ့သူ
  အဲဒီ့လူ...။
* " မိခင်နဲ့တူသော သား... ကြီးပွါးတယ် " တဲ့။
   နှစ်ပေါင်းများစွာ...
  ယောင်ချာချာ၊ မရေမရာ အတိတ်ကို
  ပြည်ဖုံးကားချခဲ့ပြီးတော့
  ကြွေးဟောင်းတွေကို ချေနေပြီ...
  ကြွေးသစ်လေးကို ခြွေနေပြီ...
  သမိုင်းသစ်ကို ရေးနေပြီ...
  ဒီနေ့...
  ကျနော် လိမ်မာတာ (၇)နှစ် ပြည့်ပြီ... ... ... အမေ။
KKT
Aug 18, 2012
" ရင်ဘတ် နည်းနည်း ဖွင့်ပြမယ်... "
"   မြားတစ်ရာ ပစ်နိုင်တဲ့ လေး...
    တေးတစ်ထောင် ထိုးနိုင်တဲ့ တယော ဘိုး...
    အမုန်းမိုး တစ်သောင်း...
    မျက်စောင်း လျှပ်စစ်၊ တစ်ချက် ပစ်လိုက်ရုံနဲ့
    အချစ် သေဆုံးသွားတယ်...
    ခံစားကြည့်ပါ... ... ...။   "
... ... ... ... ... ... ... ... ... ... ... ... ဆိုတဲ့ အဖွဲ့မျိုး...၊
 "   ငါမမေ့၍၊ နွေနေ့တစ်ရက်၊
     ငါမြင်မက်သည်၊
     အိပ်မက်လိုလို တက္ကသိုလ်...။  "
... ... ... ... ... ... ... ... ... ... ... ...  ဆိုတဲ့ အဖွဲ့မျိုး...၊
 "   ချစ်သူ့ နှုတ်ခမ်း၊ လွမ်းလို့ နမ်းသော်
     နမ်းရာ မထင်၊ လွမ်းရာ ထင်လို့
     ရင်မှာ ငြိပြီ
     ဒဏ္ဍာရီ... ... ...။   "
... ... ... ... ... ... ... ... ... ... ... ...   ဆိုတဲ့ အဖွဲ့မျိုး...၊
အဲဒီလို အရေးအဖွဲ့မျိုးတွေကို မြင်လိုက်ရတဲ့အခါ...
အမျိုးအမည် မသိတဲ့ ဝေဒနာ တစ်ခုဟာ ရင်ကို
ဖြတ်သန်း၊ တိုက်ခတ်သွားခဲ့တယ်...။
ဒါဟာ...
ကျနော် စာတွေ၊ ကဗျာတွေ ရေးဖြစ်လာခြင်းရဲ့   အစ ပထမပါပဲ။
*** *** *** *** *** *** *** *** *** *** *** *** *** 
 လွန်ခဲ့သော ဆယ်စုနှစ် နှစ်စုကျော် ကာလများဆီက...
ဇာတိမြေ မြို့ လေးဆီမှာ...
ကိုဇာနည် (ဇာနည်ဦး)၊ ကိုသန်းဝင်း၊ သက်နိုင်ဝင်း နဲ့ ကျနော်... ဆိုတဲ့
သူငယ်ချင်းလေးယောက် စုပြီး၊ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ " လေပြေ " ဆိုတဲ့
စာရေး၊ စာဖတ်ဝိုင်းလေး တစ်ခု ရှိခဲ့ဖူးပါတယ်...။
တစ်လ...၊ တစ်လ... ထွက်သမျှ လစဉ်ထုတ် မဂ္ဂဇင်း၊ ဂျာနယ်တွေ... ဖတ်၊
ပြီးတော့... Best Seller တွေရဲ့   ၀တ္ထုတွေ... ဖတ်။
နောက်... ကိုယ်တိုင်ရေး ကဗျာတွေ...၊ စာတွေ.. ... ...
ဒီကဗျာက ဘယ်လို...၊ ဒီစာက ဘယ်လို...
ဒီဆရာရဲ့  အရေးအသား... ဒီလို ပီပြင်တာ...
ဒီဆရာမ အရေးအသားက ဒီနေရာလေး အားပျော့သွားတာ...
စသည်ဖြင့် ဝေဖန်၊ သုံးသပ်၊ အကဲဖြတ်လို့... လူတတ်ကြီးများ လုပ်ကြလို့...
ဆွေးနွေးကြ...၊ ငြင်းခုံကြ...၊
သဘောထား အမြင်တွေ ဖလှယ်ကြ... ... ...
" လဖက်ရည်ဆိုင် လေတိုက်ပွဲ " တွေ ဆင်နွှဲခဲ့ကြတယ်...။
အားလုံးရဲ့   ရင်ထဲမှာလည်း " တစ်နေ့မှာ ငါဟာ... " ဆိုတဲ့ စိတ်ကူး
အညွှန့်အဖူးလေး ကိုယ်စီနဲ့ပေါ့...။
ပထမဦးဆုံး ပီပြင်၊ အောင်မြင်သွားခဲ့သူကတော့...
စာပေကို အရူးသွပ်ဆုံး...၊
စာတွေ၊ ကဗျာတွေထဲမှာ ဘ၀ကို နှစ်မြှုတ် အထားဆုံး... ကိုဇာနည် ပါပဲ။
သူရေးတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ဟာ...
အဲဒီခေတ်၊ အဲဒီအခါက ရှိခဲ့ဖူးတဲ့ " မိုးမိုး (အင်းလျား) စာပေဆု " ပြိုင်ပွဲမှာ
နှစ်သိမ့်ဆု အဖြစ် အရွေးခံရပြီး၊ စာပေလောကရဲ့   အသိအမှတ်ပြု
ကြိုဆိုခြင်းကို ခံလိုက်ရပါတယ်...။
နောက်... သူ့ စာလေးတွေ၊ ကဗျာလေးတွေ...
မဂ္ဂဇင်းတွေမှာ ကြိုကြား၊ ကြိုကြား ပါလာပါတော့တယ်...။
ကျနော် ကိုဇာနည့် ဆီက လေ့လာ၊ သင်ယူခဲ့ရတာတွေ အများကြီးပါ...။
သူ စာတစ်ပုဒ်ကို ခံစားပုံ...၊
သူ့ အတွေးအမြင်...၊
သူ့ အရေးအသား... ... ... အများကြီး ပါပဲ။
ကိုဇာနည့်ကျတော့ ပြောင်းပြန်...
ကျနော် ရေးတဲ့ ကဗျာတွေ၊ စာတွေကို သူ ကိုယ်တိုင်ရေးတာတွေထက်
ကြိုက်ပါသတဲ့။
" မင်း စာတွေ၊ ကဗျာတွေက တစ်မျိုးပဲ...။
ရိုးတယ်၊ ရှင်းတယ်...။ သိမ်မွေ့၊ ညင်သာတယ်...။ "
" မင်း စာကို ဖတ်ရတာ... စာဖတ်ရတာနဲ့ မတူဘူး...။ "
" တစ်ခုခုကို ထင်းကနဲ၊ လင်းကနဲ ကြည့်နေ၊ မြင်နေရသလိုပဲ...။ "
" ပြီးတော့ စာပဲ ဖြစ်ဖြစ်၊ ကဗျာပဲ ဖြစ်ဖြစ်... မင်း ပေးတဲ့ Title လေးတွေ... "
" မင်း Title လေးတွေက ထူးခြားတယ်။ ညှို့ဓါတ် ပါတယ်...။ "
" တစ်ခြားလူတော့ မသိဘူးကွာ။ ငါ့ကိုတော့ Title လေး မြင်ပြီးတာနဲ့
အောက်က စာကို ဖတ်ဖို့အထိ ဆွဲခေါ်သွားတော့တာပဲ။ "
" ကြိုးစားကွာ...။
တစ်နေ့နေ့... မင်း ရေးတာတွေကို ပုံနှိတ်စာလုံးနဲ့ ငါ ဖတ်ရချင်တယ်။ "
*** *** *** *** *** *** *** *** *** *** *** *** *** 
" နာမည်ကြီး စာရေးဆရာတွေ၊ ဆရာမတွေ ဘာကြောင့် အောင်မြင်ကြလဲ...! 
သူတို့ ရေးတဲ့ ၀တ္ထုတွေ ဘာလို့ ဖတ်လို့ ကောင်းလဲ...! ခင်ဗျားတို့ သိကြလား? "  
လို့ သူငယ်ချင်းတွေ ဆုံကြတုန်း ကျနော် မေးခွန်းထုတ်ပါတယ်။
ခဏ စဉ်းစားကြ၊ တိုင်ပင်ကြတယ်။
လိုချင်တဲ့ အဖြေ၊ တိကျတဲ့ အဖြေ ရကြဟန် မတူဘူး...။ 
" ကဲ... မင်းပဲ ပြောပါဦးကွာ။ " ဆိုပြီး မေးလာတယ်။
ကျနော်က...
" ဥပမာတစ်ခုဗျာ... ၀တ္ထုတစ်ပုဒ်မှာ စာရေးဆရာဟာ ယောကျာင်္း ဖြစ်နေတယ်။
ဒါပေမယ့် မိန်းခလေးတစ်ယောက်ရဲ့   ဟန်ပန်အမူအရာ၊ နူးညံ့သိမ်မွေ့မှုတွေ
ကိုလည်း သေချာ ဖွဲ့နွဲ့ပြနိုင်တယ်ဆိုရင်...။ "
" အဲဒီလိုပဲ စာရေးဆရာမတစ်ယောက်က ဇာတ်ကောင် ယောကျာင်္းလေးရဲ့
စရိုက်လက္ခဏာ၊ စိတ်နေသဘောထားတို့ကို ပီပြင်တဲ့ အရေးအသားတွေနဲ့
ပုံဖော်နိုင်ခဲ့ရင်... ... ...။ "
ကျနော်က ပြောလည်းပြော၊ ကြည့်လည်းကြည့်လိုက်တော့...
ကိုသန်းဝင်းနဲ့ သက်နိုင်ဝင်းက ခေါင်းတစ်ငြှိမ့်ငြှိမ့်နဲ့ နားထောင်နေတာ
တွေ့လိုက်ရတယ်။
ကိုဇာနည်က မျက်ကြောတွေ ရှုံ့ သွားတဲ့အထိ သေသေချာချာ စဉ်းစားတယ်...။
ပြီးတော့ ဖြေးဖြေးလေးလေး ပြောလာတယ်...
" အကြောင်းအရာတိုင်းအတွက်၊ အခြေအနေတိုင်းအတွက်၊
အမြဲတမ်းအတွက်တော့ မမှန်ဘူးကွ။ "
 ကျနော် မျက်မှောင်ကုပ်ပြီး ကိုဇာနည့်ကို စူးစူးစိုက်စိုက် ကြည့်တယ်။
သားကြီး (သက်နိုင်ဝင်း)က " ဟာ... ... ... " ဆိုပြီး သံရှည်ဆွဲတယ်။
ကိုသန်းဝင်းက " ဟေ့ကောင် ဇာနည်။ မင်း... ... ... " ဆိုပြီး လက်ညှိုး
တစ်ထိုးထိုးနဲ့...။
ကိုဇာနည်က လက်ကာပြရင်း ကျနော့်ကို...
" ဒါပေမယ့် မင်း မေးခွန်းအတွက် မင်းကိုယ်တိုင် ဖြေတဲ့ အဖြေထက်
ပိုကောင်းတဲ့၊ ပိုတိကျပြည့်စုံတဲ့ အဖြေမျိုး၊ မင်းတွေးတဲ့ အတွေးမျိုးလည်း
ငါ့မှာ မရှိဘူး...။ "
" ယေဘုယျအားဖြင့်ပေါ့ကွာ...။ ရာခိုင်နှုန်းအားဖြင့်ဆိုရင် ခုနစ်ဆယ်၊
ခုနစ်ဆယ့်ငါးပေါ့...။ " မင်း အဖြေ... ဂုဏ်ထူးမှတ်ပါ။ "
ဒီတော့မှ ကျနော်တို့လည်း ပြုံးနိုင်တော့တယ်...။
တခါက...
" သို့... သည်းဦးသခင် " ဆိုတဲ့ ၀တ္ထုတိုမက၊ ၀တ္ထုလတ်မကျ
ခံစားမှုလေးတစ်ခု ပြုစုဖူးပါတယ်။
အဲဒါလေးကို သူတို့တွေ ပေးဖတ်ဖြစ်တော့...
ဟိုနှစ်ယောက်က " မင်း စာကို ငါတို့ ပြောတော့ ပြောချင်တယ်။
ဒါပေမယ့် ပြောလို့ မတတ်ဘူး ဖြစ်နေတယ်။
ဇာနည်... မင်း ပြောကွာ။ " ဆိုပြီး ဘော်လုံး ပုတ်ပါတယ်...။
ကိုဇာနည်က...
" မင်း ပြောခဲ့သလိုပေါ့ကွာ...။
မင်းဟာ ယောကျာင်္းကြီးဆိုတာ ငါတို့သိပြီးသား...။
မင်းကို မသိတဲ့ စာဖတ်သူတွေ ဆိုရင်လည်း မင်း ကလောင်အမည်
မြင်တာနဲ့ မင်းဟာ ယောကျာင်္းတစ်ယောက်မှန်း သိမှာပဲ...။
ဒါပေမယ့် မင်း ရေးတဲ့ စာမှာ ကောင်မလေးနေရာက အရေးအသား၊
အပြောအဆို၊ စိတ်ခံစားမှုတွေဟာ ပီပြင်၊ ပေါ်လွင်လွန်းနေတယ်။
ဝတ္ထုကောင်းလေး တစ်ပုဒ်ပါ...။ " လို့ မှတ်ချက်ပြုတယ်။
" အဲဒါ... အဲဒါ...။ ငါတို့ ပြောချင်တာ အဲဒါ... " ဆိုပြီး ဟိုလူတွေလည်း
အားတက်သရော ထောက်ခံကြတယ်...။
ကျနော်က...
"  အဲဒါတွေက အတုတွေမှ မဟုတ်တာ ကိုဇာနည်ရယ်။ ပီပြင်မှာပေါ့...။ "
လို့ စိတ်ထဲကပဲ တိုးတိုးညှင်းညှင်းလေး  ပြန်ပြောဖြစ်ခဲ့ပါတယ်...။
*** *** *** *** *** *** *** *** *** *** *** *** ***
ကဗျာသမား၊ စာသမား စစ်စစ်ဆိုရင် စည်းကမ်း မရှိရဘူး လို့ 
ဘယ်ပညာရှင်ကများ အဆိုအမိန့် ရှိခဲ့သလဲ မသိပါဘူးဗျာ...။ 
ကျနော့်ဘ၀မှာ ကျနော်ကိုယ်တိုင်ရေးပြီး၊ ကျနော်ကိုယ်တိုင် ပြန်လိုချင်ခဲ့တဲ့ 
ကဗျာလေးတွေ ရှိခဲ့ပါတယ်။
မခွဲနိုင်၊ မခွါရက် ရည်းစားလေးကို ရန်ကုန် ဘူတာကြီးမှာ မျက်ရည်စက်လက်နဲ့ 
ထားခဲ့ရပြီး၊ ရထားပေါ်မှာ ရေးဖြစ်ခဲ့တဲ့ ... " ခွဲခွါချိန် " ဆိုတဲ့ ကဗျာလေး...။
... နာရီသံ ခြောက်ချက်ဟာ
    အိပ်စက်ခြင်းကို နှောက်ယှက်
    မကြာခင် နောက်တစ်ရက် လာတော့မယ် ... ... ... 
ခေတ်စနစ်၊ အခြေအနေတွေကြောင့် မပြီးသေးတဲ့ ပညာရေးခရီးကို 
ချစ်ဇနီးလေးခမြာ မဟာရန်ကုန်မှာ သွားရောက် အဆုံးသတ်စဉ်ခါ
ဖြစ်ပေါ်လာခဲ့တဲ့ " ဥပက္ခာ အိမ်သူ တမ်းချင်း " ကဗျာလေး...
... အိမ်အပြန် တံခါးဝက ကြိုနေ
    အမေပြောတဲ့ အမောပြေလေးရေ
    လွမ်းလှချည်ရဲ့ ကွယ်... ... ...
နောက်... ဆရာ ကိုဆွေ (ပြည်) ရဲ့   ၀တ္ထုတစ်ပုဒ်ကို ခံစားပြီး ပြန်လည်
ဆန်းသစ်ခဲ့တဲ့ " နာတာရှည် " ကဗျာ...
... အို...! 
    အပြင်က ကောင်းကင်
    (ရှိုက်ကြီးတငင်) ငိုပြန်ပါပကော... ... ...
အဲဒီ... အဲဒီကဗျာလေးတွေကို ကျနော် ကိုယ်တိုင်တောင်
ပြန်မရနိုင်တော့ပါဘူး...။
*** *** *** *** *** *** *** *** *** *** *** *** *** 
ကျနော့်ရဲ့    ဒီ page လေးဆီကို...
မတော်တဆ သော်လည်းကောင်း...၊
မျက်စိလည်၊ လမ်းမှားပြီး သော်လည်းကောင်း...၊
တစ်ခေါက်၊ တစ်ခါ ရောက်လာဖူး၍၊ သော်လည်းကောင်း...၊
အကြောင်းပေါင်းများစွာနဲ့ ရောက်ရှိလာခဲ့ကြသူများ ခင်ဗျား... ... ...
ကျနော့်စာတွေ လာရောက် ဖတ်ရှု၊ ခံစားသူတွေကို (၁)နှစ်မှာ တစ်ကြိမ်တော့
စကားပြောမယ် လို့ Idea လေး ရှိခဲ့ပေမယ့် ဒီ page လေး (၂)နှစ်
ပြည့်ချိန်မှာ ဘာစကားမှ မပြောဖြစ်ခဲ့ပါဘူး။
 " ရင်ဘတ် မလှုပ်ရင် စာတစ်လုံးမှ ရေးမရ.. " ဆိုတာ သိရှိပြီး၊ နားလည်ပြီး၊
သည်းခံပေးခဲ့သူများကိုလည်း နောက်အခေါက်၊ နောက်အခေါက်တွေမှာလည်း
ဒီ Page ပဲ...၊ ဒါလေးပဲ...၊ အသစ် မထွက်၊ အသစ် မတက်လေတော့
ဒီတစ်သက်... ဒီရင်ဘတ် လှုပ်မှ လှုပ်ပါတော့မလား...! ရယ်လို့လည်း
အထင်မမှားစေလိုပါဘူး...။
တကယ်တော့ ကျန်ခဲ့တဲ့  March 13, 2012 က ကဗျာလေး တစ်ပုဒ် စပျိုး
ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ပထမဆုံး တစ်ပိုဒ်ပဲ စိတ်တိုင်းကျခဲ့ပြီး၊ နောက်ထပ်ရလာသမျှဟာ 
ဘယ်လိုမှ အတွဲအစပ် မလှပသလို ခံစားရပါတယ်...။ အဲဒါကြောင့် Draft 
အနေနဲ့ သိမ်းထားခဲ့တာ ဒီနေ့၊ ဒီရက် ရောက်တဲ့ အထိပါပဲ...။
ဒီနေ့လေးမှာ... (ကဗျာလေးရဲ့   အမည်ကလည်း " ဒီနေ့လေးမှာ... " ပါပဲ။)
တွေးမိတာ တစ်ခုက ဒီလောက် အချိန် အကြာကြီးတောင် ထပ်မရတော့ 
ဒီအတိုင်းလေး ရှိစေလိုလို့ပဲ ဆိုတာပါ။  ဒါနဲ့ပဲ...
" ဒီနေ့လေးမှာ... " ကို ဒီနေ့လေးမှာ ဒီအတိုင်းလေးပဲ တင်ပေးလိုက်ပါတယ်။
အမှတ်တရတွေကို တအား စွဲလန်း၊ မက်မောတတ်သူ ကျနော့်အတွက်တော့ 
သူ့မွေးနေ့မှာ ရေးဖြစ်ခဲ့တာလေးကို ကျနော့်မွေးနေ့မှာ တင်ဖြစ်သွားတာက 
အမှတ်တရ တစ်ခု ဖြစ်ခဲ့ရပြန်ပါတယ်...။
အခု...
ပုရစ်ဖူးတို့ နုသစ်စ...၊  
Teenager ဘ၀က ရေးခဲ့တဲ့ ကဗျာလေး နှစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်။
ဒီကဗျာလေးတွေကို ပြန်ဖတ်မိတဲ့အခါ...
ရှက်သလိုလို...
ရယ်ချင်သလိုလို...
မရဲတရဲ စိတ်ကလေးတွေ ဖြစ်မိပါသေးတယ်...။ အဲဒါနဲ့အတူ...
ဆယ်ကျော်သက်ကလေး တစ်ယောက်ရဲ့   နုပျိုလန်းဆန်းမှုမျိုး...၊
ရင်သိမ့်တုန် လှုပ်ရှားမှုမျိုးကိုလည်း ပြန်လည် ရရှိသွားသလို ဆိုတာ... .... ...။
" ချစ်သူ "
နှလုံးသားနဲ့ ရွေးချယ်ဖြစ်ခဲ့
(တယစ်ယစ်) ရီဝေလာစေတယ်
အကြင်နာတွေ စုမိသမျှ
ဆန္ဒများလည်း လှိုင်နေဆဲတော့
ကြည်လင်တဲ့ မိုးကောင်းကင်ကြီးပါပဲ...။
" နှလုံးသား ကဗျာ "
*  ရင်ခုန်သံ ရှိမယ်
    အချစ် ရှိမယ်
    စိတ်ကူး ရှိမယ်
    အိပ်မက် ရှိမယ်
    ပျော်ရွှင်မှု ရှိမယ်
    ကြင်နာခြင်း ရှိမယ်
    နာကျင်ခြင်း ရှိမယ်
    သစ္စာ ရှိတယ်...။ 
*   စွဲလန်းတာ ပါမယ်
     တမ်းတတာ ပါမယ်
     လွမ်းရတာ ပါမယ်...။
  လောဘ ကင်းတယ်
     ဒေါသ ကင်းတယ်
     မောဟ ကင်းတယ်
     သောက ရှင်းတယ်...။
  ဖြူစင်၏
     ရင်မှာ ရှိသည်
     အမုန်းတရားမဲ့
    နှလုံးသားရဲ့   ကဗျာ... ... ...။
KKT